28
1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။
2 ပြည်သူပြည်သား အပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအားဖြင့် နိုင်ငံတည်တတ်၏။
3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောဆင်းရဲသားသည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ်ရှင်းသော မိုးရေနှင့်တူ၏။
4 တရားကိုဖျက်သောသူသည် မတရားသောသူတို့ကို ချီးမွမ်းတတ်၏။ တရားကိုစောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက် ပြုတတ်၏။
5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည်တတ်။ ထာဝရဘုရားကိုရှာသောသူမူကား၊ ခပ်သိမ်းသော စီရင်ခြင်းကို နားလည်တတ်၏။
6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ်သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသားသည် သာ၍မြတ်၏။
7 တရားကိုစောင့်သောသူသည် ပညာရှိသောသားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဖော်သောသူမူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
8 အတိုးစား၍ မတရားသောအမြတ်အားဖြင့် ဥစ္စာကိုဆည်းပူးသောသူသည် ဆင်းရဲသားတို့ကို သနားသောသူအဖို့သာ ဆည်းပူးတတ်၏။
9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း၊ သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသောတွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
11 ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုထင်တတ်၏။ ဉာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကို စစ်ကြောတတ်၏။
12 ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သောအခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်းရှောင်၍ နေတတ်ကြ၏။
13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
14 အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။
15 ဆင်းရဲသားတို့ကိုအုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့် တူ၏။
16 ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။
17 လူအသက်ကိုညှဉ်းဆဲသောသူသည် သင်္ချိုင်းတွင်းသို့ပြေးပါလေစေ။ အဘယ်သူမျှမဆီးတားစေနှင့်။
18 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေးလွတ်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား၊ ချက်ချင်းလဲလိမ့်မည်။
19 လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
20 သစ္စာစောင့်သောသူသည် ကောင်းချီးမင်္ဂလာနှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့် မလွတ်ရ။
21 လူမျက်နှာကိုမထောက်ကောင်း။ သို့သော်လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှာ ဒုစရိုက်ကို ပြုလိမ့်မည်။
22 ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူသည် မနာလိုသောသဘောရှိတတ်၏။ နောက်တစ်ဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တစ်ဖန် သာ၍ ကျေးဇူးကိုခံရလိမ့်မည်။
24 အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖော်ဖြစ်၏။
25 စိတ်မြင့်သောသူသည် ခိုက်ရန်ကိုနှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ်၏။
26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
27 ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသောကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
28 မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့သည် ပွားများတတ်ကြ၏။