27
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။Ref ၂၇း၁။ ယာ ၄း၁၃-၁၆။ ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့်မဆိုင်သော သူတစ်ပါး ချီးမွမ်းပါလေစေ။ ကျောက်နှင့် သဲသည်လေး၏။ မိုက်သောသူ၏ဒေါသသည် ထိုနှစ်ပါးထက်သာ၍လေး၏။ မာနသည် ကြမ်းကြုတ်သောသဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။ ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ကောင်း၏။ အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။ စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။ မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိအသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။ နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဖွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏။ 10 ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏အဆွေခင်ပွန်းကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကိုအိမ်သို့မသွားနှင့်။ နီးသောအိမ်နီးချင်းသည် ဝေးသောညီအစ်ကိုထက် သာ၍ကောင်း၏။ 11 ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ 12 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက် နေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
13 မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။ 14 နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ 15 ရန်တွေ့တတ်သောမယားသည် မိုးသည်းစွာရွာသောနေ့၌ အစက်စက်ကျသော မိုးပေါက်နှင့် တူ၏။ 16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့် တူ၏။ လက်ယာလက်၌လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။ 17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။ 18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။ 19 ရေ၌ လူမျက်နှာချင်းတူသကဲ့သို့၊ လူတစ်ယောက်နှင့် တစ်ယောက် စိတ်သဘောတူကြ၏။ 20 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့်စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ 21 ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဖို့ မီးဖိုရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါးချီးမွမ်းခြင်းရှိ၏။ 22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
23 သင်၏ သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ 24 စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။ 25 မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။ 26 သိုးသငယ်တို့သည် သင်ဝတ်စရာဖို့၊ ဆိတ်တို့သည်လည်း မြေအဖိုးကိုဖြေစရာဖို့ ဖြစ်၏။ 27 သင်စားစရာဖို့၊ အိမ်သူအိမ်သားစားစရာဖို့၊ ကျွန်မိန်းမများကို ကျွေးစရာဖို့ ဆိတ်နို့လောက်လိမ့်မည်။