15
1 ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။
2 ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
3 ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။
4 ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။
5 မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
6 ဖြောင့်မတ်သောသူ၏အိမ်၌ များစွာသော စည်းစိမ်ရှိ၏။ မတရားသောသူခံရသောအခွန်မူကား၊ များစွာသော နှောင့်ယှက်ခြင်းနှင့်ယှဉ်၏။
7 ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
8 မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား၊ နှစ်သက်တော်မူ၏။
9 မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
10 လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကိုမုန်းသောသူသည် သေရမည်။
11 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် ထာဝရဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏နှလုံးသည် သာ၍ထင်ရှား၏။
12 မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။
13 ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။
14 ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
15 ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသော စိတ်နှလုံးမူကား၊ အစဉ်အမြဲ ခံရသောပွဲဖြစ်၏။
16 နှောင့်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော ဥစ္စာအနည်းငယ်သည် သာ၍ကောင်း၏။
17 ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထားသောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။
18 မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။
19 ပျင်းရိသောသူ သွားရာလမ်း၌ ဆူးပင်ဆီးကာလျက်ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
20 ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
21 ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏။ ဉာဏ်ရှိသောသူမူကား၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်တတ်၏။
22 တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။
23 လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
24 ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
25 မာနထောင်လွှားသောသူ၏အိမ်ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်။ မုဆိုးမနေရာ အရပ်ကိုကား၊ တည်စေတော်မူမည်။
26 မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
27 မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။
28 ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။
29 ထာဝရဘုရားသည် မတရားသောသူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကား နားထောင်တော်မူ၏။
30 မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့် ပြည့်ဝစေတတ်၏။
31 အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နားထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဖော်ရသောအခွင့်ရှိ၏။
32 ဆုံးမခြင်းစကားကိုပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နားထောင်သောသူမူကား၊ ဉာဏ်ကိုရတတ်၏။
33 ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။