14
ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။ မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာအတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွားလော့။ ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ 10 စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ 11 မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ 12 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။Ref ၁၄း၁၂။ သု ၁၆း၂၅။ 13 လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ 14 စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ 15 ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ 16 ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။
17 စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ 18 ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ 19 လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ 20 ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ 21 မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ 22 မကောင်းသောအကြံကို ကြံတတ်သောသူတို့သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကိုခံရကြလိမ့်မည်။ 23 ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ 24 ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ 25 မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ 26 ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ 27 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ 29 စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 30 ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။ 31 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ 32 မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။ 33 ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ 34 ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ 35 ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။