12
ဟန်ဆောင်မှုကိုသတိပေးခြင်း
(မ ၁၀:၂၆-၂၇)
1 ထိုအခါ အတိုင်းမသိများစွာသော လူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။-Ref ၁၂:၁။ မ ၁၆:၆။ မာ၊ ၈:၁၅။
2 ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။-Ref ၁၂:၂။ မာ ၄:၂၂။ လု၊ ၈:၁၇။
3 မှောင်မိုက်၌ သင်တို့ပြောသမျှသောအရာများကို သူတစ်ပါးတို့သည် အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။
ကြောက်သင့်သူ
(မ ၁၀:၂၈-၃၁)
4 ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။-
5 အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။-
6 စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။-
7 သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
ခရစ်တော်ကိုဝန်ခံခြင်း
(မ ၁၀:၃၂-၃၃, ၁၂:၃၂, ၁၀:၁၉-၂၀)
8 ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။-
9 အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။-
10 လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။-Ref ၁၂:၁၀။ မ ၁၂:၃၂။ မာ၊ ၃:၂၉။
11 သင်တို့ကို တရားဇရပ်သို့လည်းကောင်း၊ အကဲအမှူး၊ မင်းများရှေ့သို့လည်းကောင်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။-Ref ၁၂:၁၁-၁၂။ မ ၁၀:၁၉-၂၀။ မာ၊ ၁၃:၁၁။ လု၊ ၂၁:၁၄-၁၅။
12 အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။
သူဌေးမိုက်ဥပမာ
13 လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊-
14 ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။-
15 ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
16 တစ်ဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတစ်ဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။-
17 ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။-
18 ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။-
19 ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။-
20 ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။-
21 ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။
မစိုးရိမ်ကြနှင့်။
(မ ၆:၂၅-၃၄)
22 တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။-
23 အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။-
24 ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။-
25 အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။-
26 ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။-
27 နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကို မမီဟု ငါဆို၏။-Ref ၁၂:၂၇။ ၃ရာ ၁၀:၄-၇။ ၆ရာ၊ ၉:၃-၆။
28 ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။-
29 ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။-
30 ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။-
31 သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။
ကောင်းကင်ဘဏ္ဍာ
(မ ၆:၁၉-၂၁)
32 သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။-
33 သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။-
34 အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံး ရောက်တတ်၏။
သတိနှင့်စောင့်နေသောအစေခံများ
35 သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊-Ref ၁၂:၃၅။ မ ၂၅:၁-၁၃။
36 သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကိုမျှော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။-Ref ၁၂:၃၆။ မာ ၁၃:၃၄-၃၆။
37 အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။-
38 နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။-
39 အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်+ ၁၂း၃၉ စောင့်နေလိမ့်မည် အချို့ရှေးလက်ရေးမူများတွင် "စောင့်နေလိမ့်မည်" မပါ ကို သင်တို့သိကြ၏။-Ref ၁၂:၃၉-၄၀။ မ ၂၄:၄၃-၄၄။
40 ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။
သစ္စာရှိသောအစေခံနှင့်သစ္စာမဲ့သောအစေခံ
(မ ၂၄:၄၅-၅၁)
41 ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊-
42 သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
43 အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။-
44 ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။-
45 သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။-
46 ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတ္တံ့။-
47 အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန်သည် များစွာသောဒဏ်ကို ခံရ၏။-
48 သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ်ကိုသာ ခံရ၏။ အကြင်သူ သည် များစွာသောကျေးဇူးကိုခံရ၏။ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။
အချင်းချင်းကွဲပြားစေခြင်း
(မ ၁၀:၃၄-၃၆)
49 မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း။ ထိုမီးမညှိမီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံတစ်ခုကိုလည်း ငါခံစရာရှိ၏။-
50 ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။-Ref ၁၂:၅၀။ မာ ၁၀:၃၈။
51 မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှာ ငါလာသည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသည်ဟု ငါဆို၏။-
52 အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တစ်အိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု အချင်းချင်း ကွဲပြားလိမ့်မည်။-
53 အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။Ref ၁၂:၅၃။ မိ ၇:၆။
ကပ်ကာလကိုသိခြင်း
(မ ၁၆:၂-၃)
54 တစ်ဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုးရိပ်တက်သည်ကို မြင်သောအခါ မိုးရွာမည်ဟု ချက်ချင်းဆိုတတ်၏။-
55 တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။-
56 လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။
တရားတွေ့ဘက်နှင့်အမှုပြေခြင်း
(မ ၅:၂၅-၂၆)
57 ထိုမှတစ်ပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။-
58 သင်သည် တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှာ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီးရှေ့သို့ ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း+ ၁၂း၅၈ လုလင်ခေါင်း ဝေါဟာရ လုလင်ခေါင်း - လက်အောက်ငယ်သား? ၌အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။-
59 လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။