8
1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒရှင်ဘုရင်တို့၏အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏အရိုးများကို သင်္ချိုင်းတွင်းများအထဲက ထုတ်ပစ်၍၊
2 ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကိုမစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
3 ငါနှင်လိုက်ရာ အရပ်ရပ်၌ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
အပြစ်နှင့်တရားစီရင်ခြင်း
4 တစ်ဖန် သင်သည် သူတို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တစ်ဖန်မထရသလော။ လွဲသွားသောသူသည် နောက်တစ်ဖန် ပြန်၍မလာရသလော။
5 ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသားကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာဆိုကြ၏။
6 ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာမပြောကြ။ ငါသည် အဘယ်သို့ ပြုမိသနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တစ်ဟုန်တည်းပြေးတတ်ကြ၏။
7 မိုးကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်းကို နားမလည်တတ်။
8 ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသားမင်တံသည် မုသားတရားကို လုပ်လေပြီ။
9 ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။
10 ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတစ်ပါးတို့၌ငါအပ်မည်။ သူတို့လယ်ယာများကို သူတစ်ပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသားကိုသုံးကြ၏။Ref ၈:၁၀-၁၂။ ယေ ၆:၁၂-၁၅။
11 ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။Ref ၈:၁၁။ ယေဇ ၁၃:၁၀။
12 သူတို့သည် ရွံရှာဖွယ်သောအမှုကို ပြုပြီးမှ ရှက်ကြသလော။ အလျှင်း မရှက်ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13 သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
14 ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြသနည်း။ စုဝေးကြကုန်အံ့၊ ခိုင်ခံ့သော မြို့များအထဲသို့ဝင်၍ တိတ်ဆိတ်စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ၍၊ ဆေးခါးနှင့်ရောသော ရေကိုတိုက်တော်မူ၏။
15 ငါတို့သည် ချမ်းသာကိုမျှော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မျှော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။
16 သူ့မြင်းနှာခေါင်းရှူသံကို ဒန်ပြည်ကကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တစ်ပြည်လုံး တုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့်တကွ ပြည်၌ရှိသမျှကိုလည်းကောင်း၊ မြို့နှင့်တကွ မြို့သားတို့ကိုလည်းကောင်း စား၍မျိုကြ၏။
17 ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
မိမိအမျိုးသားအတွက်ဝမ်းနည်းခြင်း
18 ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း။ ငါသည် စိတ်ပျက်လျက်နေရ၏။
19 ငါ၏လူမျိုး သတို့သမီးအော်ဟစ်သံကို ဝေးသောပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော်မမူသလော။
တစ်ကျွန်းတစ်နိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့်
ပြုကြသနည်း။
20 အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။
21 ငါ၏လူမျိုး သတို့သမီးသည်နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက် နေရ၏။
22 ဂိလဒ်ပြည်၌ ဗာလဇံပင်အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။