7
နောင်တရရန်ယေရမိဟောပြောခြင်း
1 ထာဝရဘုရား၏အထံတော်က နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန်တော်တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည့်စကားဟူမူကား၊
2 ထာဝရဘုရားကို ကိုးကွယ်ခြင်းငှာ၊ ဤတံခါးတို့အတွင်းသို့ဝင်သော ယုဒအမျိုးသားအပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
3 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။
4 ဤသည်ကား၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သတည်းဟု မုသားစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
5 သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များတို့ကို စုံလင်စွာ ပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်လည်းကောင်း၊
6 ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတစ်ပါးသောဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်လည်းကောင်း၊
7 သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသောပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
8 အကျိုးမရှိဘဲ မုသားစကားကိုပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
9 သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊
10 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက်ရကြမည်လော။
11 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ဓားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါ့ကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။Ref ၇:၁၁။ မ ၂၁:၁၃။ မာ၊ ၁၁:၁၇။ လု၊ ၁၉:၄၆။
12 ရှေ့ဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဖူးသည်ကို ကြည့်ရှုကြလော့။Ref ၇:၁၂-၁၄။ ယောရှု ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၂၆:၆။
13 ယခုတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်လည်းကောင်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်လည်းကောင်း၊
14 ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။
15 သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှငါနှင်ထုတ်မည်။
လူတို့နားမထောင်ခြင်း
16 သင်သည်လည်း ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏စကားကို ငါနားမထောင်။
17 သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ပြုကြသောအမှုကို မမြင်သလော။
18 ငါ့ကို နှောင့်ယှက်မည်အကြံနှင့်၊ ကောင်းကင်မိဖုရားအဖို့ မုန့်ပြားတို့ကိုလုပ်၍၊ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာကို ပြုခြင်းငှာ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့်ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။Ref ၇:၁၈။ ယေ ၄၄:၇-၁၉။
19 ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက်ကြသလော။ မိမိတို့ မျက်နှာကိုဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ယှက်ကြသည် မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
20 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေအသီးအနှံအပေါ်မှာ ငါသည် ဒေါသအမျက်မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။
21 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာယဇ်များကို အခြားသောယဇ်များနှင့် အတူထား၍၊ အမဲသားကို စားကြလော့။
22 အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။
23 ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြလိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကိုစောင့်လိုသောငှာ၊ ငါစီရင်သမျှသောတရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။
24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံး ခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။
25 သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည်နေ့တိုင်းစောစောထ၍၊ ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊
26 သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက် သာ၍ဆိုးသွမ်းကြ၏။
27 သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။
28 သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကားကိုမပြော၊ သစ္စာပျက်သောအမျိုးဖြစ်သည်ဟု သူတို့အားပြောဆိုရမည်။
ဟိန္နုံချိုင့်ဝှမ်းတွင်ပြုသည့်ဒုစရိုက်
29 သင်၏သစ္စာဆံပင်ကိုရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကိုပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သောအမျိုးကို စွန့်ပစ်တော်မူပြီ။
30 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသားတို့သည် ငါ့ရှေ့မှာ ဆိုးသောအမှုကို ပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကိုညစ်ညူးစေခြင်းငှာ၊ ရွံရှာဖွယ်သောအရာတို့ကို သွင်းထားကြပြီ။
31 ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဘက်ကုန်းတို့ကို တည်ကြပြီ။Ref ၇:၃၁။ ဝတ် ၁၈:၂၁။ ၄ရာ၊ ၂၃:၁၀။ ယေ၊ ၃၂:၃၅။
32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဘက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
33 ဤလူမျိုးအသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဖို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။
34 ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။Ref ၇:၃၄။ ယေ ၁၆:၉၊ ၂၅:၁၀။ ဗျာ၊ ၁၈:၂၃။