40
ဂေဒလိနှင့်ယေရမိ
1 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တစ်ဖန်သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက်လာသည် အရာမှာ၊ ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံရသောအခါ၊
2 ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်၌ ရောက်သောအမှုကို ခြိမ်းတော်မူနှင့်ပြီ။
3 ခြိမ်းတော်မူသည် အတိုင်းလည်း၊ အမှုကိုရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ရောက်လေပြီ။
4 ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။
5 ယေရမိသည် ကိုယ်ရံတော်မှူးထံမှ မထွက်မီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံသို့ပြန်၍၊ ပြည်သားများနှင့်အတူ နေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။
6 ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။
ပြည်အုပ်အရာခံဂေဒလိ
(၆ရာ ၂၅:၂၂-၂၄)
7 ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသားဂေဒလိကို ပြည်အုပ်အရာ၌ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူရာ၌မပါသော ယောက်ျားမိန်းမ သူငယ်ဆင်းရဲသား အချို့တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊Ref ၄၀:၇-၉။ ၄ရာ ၂၅:၂၂-၂၄။
8 နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်နှင့် ယောနသန်၊ တာနုမက်သား စရာယ၊ နေတောဖတ်အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊
9 ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန်ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။
10 ငါမူကား၊ လာလတ္တံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှာ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကိုလည်းကောင်း၊ နွေကာလအသီးကိုလည်းကောင်း၊ ဆီကိုလည်းကောင်းသိမ်း၍ အိုး၌သိုထားကြလော့။ ယခုဝင်ပြန်သောမြို့ရွာတို့၌ နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
11 ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ကိုကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို မင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
12 နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
ဂေဒလိကိုလုပ်ကြံခြင်း
( ၆ရာ ၂၅:၂၅-၂၆)
13 ထိုနောက်မှ၊ ကာရာသား ယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့ လာ၍၊
14 ကိုယ်တော်ကို သတ်စေခြင်းငှာ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကိုစေလွှတ်ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော်လည်း၊ ထိုစကားကို အဟိကံသား ဂေဒလိသည်မယုံ။
15 ထိုအခါ ကာရာသား ယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍ နာသနိသား ဣရှမေလကို သတ်ရသောအခွင့်ကို ပေးပါလော့။ အဘယ်သူမျှ မသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသော ယုဒလူအပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသောသူတို့သည် အဘယ်ကြောင့် ပျက်စီးရကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊
16 အဟိကံသား ဂေဒလိက၊ သင်သည် ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကို ပြန်ပြောပြီဟု၊ ကာရာသားယောဟနန်အား ပြန်ပြောလေ၏။