39
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း​
ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွလာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။ ဇေဒကိမင်းကြီး နန်းစံဆယ်တစ်နှစ်၊ စတုတ္ထလကိုးရက်နေ့၌ မြို့ကိုဖြိုဖောက်၍၊ ရွှေဓားဝန် နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ် စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရေဇာ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။ ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော်လမ်းကိုလိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကိုမီ၍ ဖမ်းဆီးပြီးမှ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်၍၊ ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်လေ၏။ ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွားနှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။ 10 သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသားအချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
ယေ​ရ​မိ​လွတ်​လာ​ခြင်း​
11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရမိအမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့်သည်ကား၊ 12 ယေရမိကိုယူ၍ ကောင်းမွန်စွာကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့် အညီ၊ 13 ကိုယ်ရံတော်မှူး နေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ် နေရဂါလရှဓရဇာအစရှိသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊ 14 ယေရမိကို ထောင်ဝင်းထဲက နုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ပို့ဆောင်စေခြင်းငှာ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိသည် ပြည်သားများနှင့်အတူ နေရလေ၏။
ဧ​ဗ​ဒ​မေ​လက်​အ​တွက်​မျှော်​လင့်​ချက်​
15 ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံရသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ 16 သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့၏အကျိုးကို မပြုစု၊ ဖျက်ဆီးခြင်းငှာ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကား ပြည့်စုံလိမ့်မည်။ 17 သို့သော်လည်း၊ ထိုကာလ၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။ 18 ငါသည် သင့်ကို စင်စစ်ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။