11
လာဇရုသေဆုံးခြင်း
1 ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။-Ref ၁၁:၁။ လု ၁၀:၃၈-၃၉။
2 နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သော မာရိ ဖြစ်သတည်း။-Ref ၁၁:၂။ ယော ၁၂:၃။
3 ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်ဟု လျှောက်ကြ၏။-
4 ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။-
5 ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။-
6 လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
7 ထိုနောက်မှ တပည့်တော်တို့အား၊ ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊-
8 တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။
9 ယေရှုကလည်း၊ တစ်နေ့တွင် တစ်ဆယ့်နှစ်နာရီ ရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌သာ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။
10 ညအချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊-
11 ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။-
12 တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။-
13 ယေရှုသည် လာဇရုသေကြောင်းကိုရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။-
14 ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊-
15 ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြကုန်အံ့ဟု အတည့်အလင်း မိန့်တော်မူ၏။-
16 ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။
ထမြောက်ခြင်း၊ အသက်ရှင်ခြင်း
17 ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။-
18 ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်+ ၁၁း၁၈ တစ်တိုင် တစ်တိုင် = နှစ်မိုင် လောက်သာ ကွာဝေးသည်ဖြစ်၍၊-
19 မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။-
20 ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။-
21 မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။-
22 ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။-
23 ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
24 မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။-
25 ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း+ ၁၁း၂၅ အသက်ရှင်ခြင်းအကြောင်း အချို့ရှေးမူများတွင် "အသက်ရှင်ခြင်းအကြောင်း" မပါ ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။-
26 ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။-
27 ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။
မျက်ရည်ကျတော်မူခြင်း
28 ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရား ရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။-
29 မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။-
30 ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။-
31 ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။-
32 မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။-
33 မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊-
34 အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။-
35 ယေရှုသည် မျက်ရည်ကျတော်မူ၏။-
36 ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။-
37 အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။
လာဇရုကိုအသက်ပြန်ရှင်စေခြင်း
38 တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။-
39 ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။-
40 ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။-
41 ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကို ရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။-
42 ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊-
43 လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။-
44 ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
ယေရှုကိုသတ်ရန်ကြံစည်ခြင်း
(မ ၂၆:၁-၅ မာ ၁၄:၁-၂ လု ၂၂:၁-၂)
45 ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။-
46 အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။
47 ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြ၏။-
48 သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။-
49 ထိုသူတို့အဝင် ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။-
50 ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။
51 ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍လည်းကောင်း၊-
52 ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။-
53 ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။-
54 ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55 ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။-
56 ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။-
57 ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။