3
ယေရုရှလင်မြို့ကစင့်ကလျားဖြစ်ခြင်း
1 အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။
2 တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊
3 သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
4 ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။
5 ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
6 ထိုကြောင့်၊ လူသည် ပေါက်ဖော်ချင်းညီအစ်ကိုကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ်တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊
7 သူကလည်း၊ ငါသည် ပြုပြင်နိုင်သောသူ မဟုတ်။ ငါ့အိမ်၌မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။
8 ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည် ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသောမျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။
9 သူတို့မျက်နှာအနေအထားသည် သူတို့တစ်ဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ဆပ်ပေးကြပြီ။
10 ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူအားပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့်တို့၏အကျိုးကို ခံစားရလိမ့်မည်။
11 မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့်သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။
12 ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
လူမျိုးတော်ကိုစီရင်ခြင်း
13 ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှာ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
14 ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကိုလည်းကောင်း၊ မင်းတို့ကိုလည်းကောင်း တရားစီရင်ရာ၌ ဆီးကြိုတော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကို စားကြပြီ။ ဆင်းရဲသောသူတို့၏ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။
15 ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
16 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊
17 ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှအဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။
18 ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဇာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊
19 နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
20 ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
21 လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
22 ရွှေဇာအင်္ကျီ၊ တဘက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊
23 လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။
24 မွှေးသောအနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသောအဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။
25 သင်၏လူတို့သည် ဓားလက်နက်ဖြင့်လည်းကောင်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်လည်းကောင်း လဲ၍ ဆုံးရှုံးကြလိမ့်မည်။
26 သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊