2
ထာဝရငြိမ်းချမ်းသာယာမှု
(မိက္ခာ ၄း၁-၃)
1 ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2 နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
3 များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
4 ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။Ref ၂:၄။ ယောလ ၃:၁၀။
5 အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
မာနထောင်လွှားခြင်းကိုဖျက်ဆီးတော်မူလိမ့်မည်
6 အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တစ်ပါးအမျိုးသားနှင့် အပေါင်းအဖော် ပြုကြ၏။
7 သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
8 သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည်တကား။
9 ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။Ref ၂:၁၀။ ဗျာ ၆:၁၅။ ၂သက်၊ ၁:၉။
11 ထိုကာလ၌ လူတို့၏မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
12 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်။
13 ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကိုလည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုလည်းကောင်း၊
14 မြင့်သောတောင်ရှိသမျှကိုလည်းကောင်း၊ မိုမောက်သော တောင်ပို့ရှိသမျှကိုလည်းကောင်း၊
15 မြင့်သောရဲတိုက်ရှိသမျှကိုလည်းကောင်း၊ ခိုင်ခံ့သောမြို့ရိုးရှိသမျှကိုလည်းကောင်း၊
16 တာရှုသင်္ဘော အပေါင်းတို့ကိုလည်းကောင်း၊ နှစ်သက်ဖွယ်သော ရူပါရုံအလုံးစုံတို့ကိုလည်းကောင်း ဆီးတားလိမ့်မည်။
17 ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍၊ လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ထာဝရဘုရား တစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
18 ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်။
19 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
20 ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။
21 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
22 နှာခေါင်းနှင့် အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း။