5
အသင့်ရှိကြလော့၊
1 ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ ပေးလိုက်စရာအကြောင်း မရှိ။-
2 အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညအခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။-
3 ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။-
4 သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။-
5 သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက်၏သား မဟုတ်။-
6 သို့ဖြစ်၍ ၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။-
7 အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။-
8 နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဝတ်ဆောင်ကြကုန်အံ့။-
9 အမျက်တော်ကိုခံစေခြင်းငှာ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှာ ခန့်ထားတော်မူ၏။-
10 ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဖို့ အသေခံတော်မူပြီ။-
11 ထိုကြောင့်၊ သင်တို့သည် ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့။
နောက်ဆုံးညွှန်ကြားချက်
12 ထိုမှတစ်ပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊-
13 သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်း အသင့်အတင့်နေကြလော့။
14 တစ်ဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ် ရှိစေကြလော့။-
15 သူတစ်ပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊ အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။-
16 အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။-
17 မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
18 အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။-
19 ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။-
20 ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။-
21 ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။-
22 မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။-
23 ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။-
24 သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
25 ညီအစ်ကိုတို့၊ ငါတို့အဖို့ ဆုတောင်းကြလော့။-
26 ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။-
27 ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဖတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏။-
28 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။
သက်သာလောနိတ်ဩဝါဒစာပထမစောင်ပြီး၏။