4
ဘုရားသခင်နှစ်သက်သောအကျင့်
1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။-+ ၄း၁ "----သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကိုအဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံနည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုမည့်အကြောင်း---" မူရင်း "----နည်းခံကြသည်အတိုင်း၊ ယခုလည်းသင်တို့ကျင့်သည်နှင့်အညီ တိုးပွား၍ ပြည့်စုံမည်အကြောင်း---"
2 အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။-
3 ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊-
4 ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊-
5 သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊-
6 ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။-
7 ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။-
8 ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
9 ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။-
10 ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊-
11 ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊-
12 ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
သခင်ဘုရားကြွလာတော်မူခြင်း
13 ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊-
14 ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။-
15 သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။-
16 သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။-
17 ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော+ ၄း၁၇ အသက်ရှင်၍ ကျန်ကြွင်းသော အချို့ "အသက်ရှင်၍ ကျန်ကြွင်းသော" မပါ ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။-
18 သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။