37
ပ​ဋိ​ညာဉ်​သေတ္တာ​
(ထွ ၂၅:၁၀-၂၂)
1-2 တစ်ဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်လေ၏။ ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာ နှစ်ကွင်းစီတပ်လေ၏။ အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ သေတ္တာထမ်းစရာဖို့ တစ်ဖက်တစ်ချက် ရွှေကွင်း၌လျှိုထားလေ၏။
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ ထုလုပ်လေ၏။ ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဖက်တစ်ပါးစီလုပ်ပြီးလျှင်၊ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးလျက်ရှိ၏။
ရှေ့​တော်​မုန့်​စား​ပွဲ
(ထွ ၂၅:၂၃-၃၀)
10 အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသောစားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊ 11 ရွှေစင်နှင့်မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း၊ 12 အနံတစ်လက်ဝါးရှိသော ခါးပန်းကိုလည်းကောင်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း လုပ်လေ၏။ 13 ရွှေလေးကွင်းကိုလည်းသွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။ 14 ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာထမ်းပိုးနေရာ ဖြစ်၏။ 15 စားပွဲထမ်းစရာ အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံလေ၏။ 16 စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
မီး​ခုံတိုင်
(ထွ ၂၅:၃၁-၄၀)
17 မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုလေ၏။ 18 မီးခုံတိုင် တစ်ဖက်တစ်ချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ၏။ 19 မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တစ်လက်တစ်လက်၌ ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသောခွက်သုံးခွက်ရှိ၏။ 20 မီးခုံတိုင်၌လည်း ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။ 21 မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတစ်လုံးစီရှိ၏။ 22 ဘူးများ၊ အလက်များတို့ကို တစ်ကိုယ်တစ်စပ်တည်းဖြစ်စေ၍ မီးခုံတစ်ကိုယ်လုံးကို ရွှေစင်နှင့်ထုလုပ်လေ၏။ 23 မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့်လုပ်လေ၏။ 24 မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တစ်ဆယ်နှင့် လုပ်သတည်း။
နံ့​သာ​ပေါင်း​မီးရှို့​ရာ​ပလ္လင်
(ထွ ၃၀:၁-၅)
25 တစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့်ပြီးစေ၏။Ref ၃၈:၂၅-၂၆။ ထွ ၃၀:၁၁-၁၆။ 26 ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။Ref ၃၈:၂၆။ မ ၁၇:၂၄။ 27 ရွှေတန်ဆာအောက် ပလ္လင်တစ်ဖက်တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းပိုးနေရာဖြစ်၏။ 28 ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။
ဆေးပေါင်းနှင့်​နံ့​သာ​မျိုး
(ထွ ၃၀:၂၂-၃၈)
29 ဆေးသမားအတတ်နှင့် ဆေးပေါင်းကိုဖော်တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကိုလည်းကောင်း၊ နံ့သာမျိုးနှင့်ဖော်သော မီးရှို့ရာနံ့သာပေါင်းစင်ကိုလည်းကောင်း လုပ်လေ၏။Ref ၃၇:၂၉။ ထွ ၃၀:၂၂-၃၈။