36
1 ထိုသို့ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဖို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သောဉာဏ်ပညာကို ထာဝရဘုရားပေးသွင်းတော်မူသော ပညာရှိအပေါင်းတို့နှင့်တကွ၊ ဗေဇလေလ၊ အဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
လှူဖွယ်ပစ္စည်းများယူခဲ့ကြခြင်း
2 တစ်ဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားပေးတော်မူသော ဉာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊
3 သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကိုလုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ဆောင်ခဲ့သောအလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်းထပ်၍ ဆောင်ခဲ့ကြသေး၏။
4 ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီးမိမိလုပ်ရာမှ၊
5 မောရှေထံသို့လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ဆောင်ခဲ့ကြပါပြီဟု ကြားပြောလျှင်၊
6 မောရှေက၊ သန့်ရှင်းရာဌာနတော်အဖို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍မလုပ်စေနှင့်ဟု စီရင်၍၊ တစ်တပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
7 ရခဲ့သောဥစ္စာသည် အလုပ်ရှိသမျှကိုပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
တဲတော်တည်ဆောက်ခြင်း
(ထွ ၂၆:၁-၃၇)
8 သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
9 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
10 ကုလားကာငါးထည်စီ တစ်စပ်တည်းချုပ်လေ၏။
11 ကုလားကာတစ်ထည် ပြင်ဘက်ကုလားကာနားချင်း ဆက်မီရာ၌ ကွင်းများကို ပြာသောအထည်နှင့်လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်း ဆက်မီရာ၌လည်း ထိုအတူလုပ်လေ၏။
12 ကုလားကာတစ်ထည်၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြားသောကုလားကာအနား ဆက်မီရာ၌ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။
13 ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော်တစ်ဆောင်တည်း ဖြစ်လေ၏။
14 တဲတော်ဖုံးအုပ်ဖို့ အခြားသောကုလားကာ ဆယ်တစ်ထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။
15 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တစ်ထည်တို့သည် အလျားအနံချင်းတူ၏။
16 ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်း ချုပ်လေ၏။
17 ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်လေ၏။
18 ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍ အပေါ်တဲ တစ်ပိုင်းနှင့်တစ်ပိုင်းကို ပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်း ဖြစ်လေ၏။
19 အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသော သိုးရေကိုလည်းကောင်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကိုလည်းကောင်း လုပ်လေ၏။
20 တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။
21 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတစ်တောင်ထွာရှိ၏။
22 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တစ်တန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။
23 တဲတော်တောင်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊
24 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဖို့ ငွေခြေစွပ်လေးဆယ်ကိုလုပ်လေ၏။
25 ထိုအတူ တဲတော်မြောက်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊
26 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တစ်ပြားနှစ်ခုစီလုပ်လေ၏။
27 တဲတော်အနောက်ဘက်၌ကာရန် ပျဉ်ပြားခြောက်ပြားကိုလည်းကောင်း၊
28 ထောင့်တစ်ဖက်တစ်ချက်၌ကာရန် ပျဉ်ပြားနှစ်ပြားကိုလည်းကောင်း လုပ်လေ၏။
29 အထက်၌လည်းကောင်း၊ အောက်၌လည်းကောင်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
30 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ် ဆယ်ခြောက်ခု၊ တစ်ပြားနှစ်ခုစီရှိလေ၏။
31 တဲတော်၌ ကာရသောပျဉ်ပြားကိုလျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင် တို့ကို၊ တစ်ဖက်ငါးချောင်းစီ လုပ်လေ၏။
32 တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကိုလျှိုစရာဖို့၊ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်လေ၏။
33 အလယ်ကန့်လန့်ကျင်ကို ထောင့်တစ်ဖက်တစ်ချက်၌ ဆုံးစေ၏။
34 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
35 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သောကုလားကာတစ်ထည်ကိုလည်းကောင်း၊
36 ထိုကုလားကာဖို့ ရွှေချသောအကာရှသားတိုင် လေးတိုင်ကိုလည်းကောင်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။
37 တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ တစ်ထည်ကိုလည်းကောင်း၊
38 ထိုကုလားကာဖို့ တံစို့နှင့်ပြည့်စုံသော တိုင်ငါးတိုင်ကိုလည်းကောင်း လုပ်၍၊ တိုင်ထိပ်နှင့် တိုင်တန်းတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။