41
ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင်တို့ကိုတိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန်တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။ ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင်ရှိ၏။ တံခါးဝတစ်ဖက်နှင့် တစ်ဖက်လည်း ငါးတောင်စီကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင်လေးဆယ်၊ အနံကား အတောင်နှစ်ဆယ်ရှိ၏။ ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကိုတိုင်းလျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝ တစ်ဖက်တစ်ချက် ခုနစ်တောင်စီရှိ၏။ ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
ထရံအ​ခန်း​များ
ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထုခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံ လေးတောင်စီရှိ၏။ ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်း သုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်းတို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲ ထရံအောက်ပိုင်းထွက်သောခြေအပေါ်မှာ မှီနေကြ၏။ ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့်သို့လည်းကောင်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့လည်းကောင်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တစ်​လျှောက်လုံး ဆက်ကာဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့်တက်၏။ အိမ်တော်အထက်ပိုင်းပတ်လည်၌ အမြင့်ဆုံးသော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတစ်ပြန်မျှ ကျယ်ကြ၏။ ထရံအခန်းပြင်ဘက်၌ ကာသောထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။ 10 အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တံတိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ်ကွာလျက်ရှိကြ၏။ 11 ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ဖွင့်၍ မြောက်ဘက်သို့လည်းကောင်း၊ တောင်ဘက်သို့လည်းကောင်း မျက်နှာပြုကြ၏။ ကျန်ကြွင်းသောအရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
အ​နောက်တံတိုင်း
12 လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက်ဘက်၌ရှိသော တံတိုင်းသည် အလျား အတောင်ခုနစ်ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တံတိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
ဗိ​မာန်​တော်​အ​ကျယ်​အ​ဝန်း
13 ထိုသို့ အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တံတိုင်းပါလျက် အလျား အတောင်တစ်ရာရှိ၏။ 14 အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦးအတိုင်းအရှည်လည်း အတောင်တစ်ရာရှိ၏။
အ​သေး​စိတ်အချက်များ
15 လွတ်လပ်သောအရပ်၌ ကာသောရှေ့တံတိုင်းနှင့် နောက်တံတိုင်းကို တိုင်း၍၊ တစ်ဖက်တစ်ချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တစ်ရာရှိ၏။
16 အတွင်းဗိမာန်နှင့် တံတိုင်းမုခ်များ၊ တံခါးခုံများ၊ ကျဉ်းသော​ပြူ​တင်းပေါက်များ၊ တံခါးခုံရှိသမျှ တစ်ဖက်တစ်ချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှ​ပြူ​တင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့် ဖုံးအုပ်လျက်ရှိ၏။ ​ပြူ​တင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
17 တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင် ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊ 18 ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တစ်ခုစီရှိ၏။ ခေရုဗိမ်တစ်ခု၌ မျက်နှာနှစ်ခုစီပါလျက်၊ 19 စွန်ပလွံပင်နှစ်ခုကြားမှာ တစ်ဖက်၌လူမျက်နှာ၊ တစ်ဖက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။ 20 ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည် တံခါးပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ်နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။ 21 ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
သစ်​သား​ယဇ်​ပလ္လင်​
22 သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဖိနပ်၊ နံရံတို့သည် သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာ တင်သော စားပွဲပေတည်းဟု ငါ့အားပြောဆို၏။
တံ​ခါး​များ​
23 ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တစ်ပေါက်စီရှိ၍၊ 24 တံခါးတို့သည်လည်း တပ်သော တံခါးရွက်နှစ်ရွက်စီရှိ၏။ 25 ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထုလျက်ရှိ၏။ မုခ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။ 26 မုခ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ​ပြူ​တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။