25
1 လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာလည်းကောင်း၊ ဆိုးသောသူကို အရှုံးခံစေခြင်းငှာလည်းကောင်း စီရင်ရမည်။
2 ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့်အလျောက် ညီမျှသောဒဏ်ချက်ဖြင့် ရိုက်စေရမည်။
3 သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့်ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်ဟု စိုးရိမ်စရာရှိ၏။Ref ၂၅:၃။ ၂ကော ၁၁:၂၄။
4 စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။Ref ၂၅:၄။ ၁ကော ၉:၉။ ၁တိ၊ ၅:၁၈။
5 အတူနေသော ညီအစ်ကိုတို့တွင်၊ တစ်စုံတစ်ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏မယားသည် အခြားတစ်ပါးသောလူစိမ်းနှင့် စုံဖက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကိုပြုရမည်။Ref ၂၅:၅-၆။ မ ၂၂:၂၄။ မာ၊ ၁၂:၁၉။ လု၊ ၂၀:၂၈။
6 ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက်စေခြင်းငှာ၊ အဦးဖွားသောသားသည် သေသောဘကြီး၏ အရိုက်အရာကို ခံရမည်။
7 ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ၏လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊Ref ၂၅:၇-၁၀။ ရု ၄:၇-၈။
8 မြို့၌ အသက်ကြီးသူတို့သည် ထိုသူကိုခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
9 သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။
10 နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသောအမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
11 လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တစ်ယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလိုသောငှာ ခိုက်ရန်ပြုသောသူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
12 ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏မျက်စိသည် သူ့ကိုမသနားရ။
13 သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသောအလေးကို မရှိစေရ။Ref ၂၅:၁၃-၁၆။ ဝတ် ၁၉:၃၅-၃၆။
14 သင့်အိမ်၌ ခြားနားသောခြင်စရာ တန်ဆာအကြီးအငယ်ကို မရှိစေရ။
15 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ၊ တန်ဆာများကိုသာ သုံးရမည်။
16 အထက်ဆိုခဲ့ပြီးသောအမှုကို ပြုသောသူအပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
17 သင်သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားသောအခါ၊Ref ၂၅:၁၇-၁၉။ ထွ ၁၇:၈-၁၄။ ၁ရာ၊ ၁၅:၂-၉။
18 သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသောသူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ဆီးကြို၍ လုပ်ကြံကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။
19 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌နေသော ရန်သူအပေါင်းတို့၏လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက်အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင်အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့မလျော့ရ။