25
ဧကရာဇ်မင်းထံပေါလုအယူခံ
1 ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။-
2 ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ ယုဒလူ အကြီးအကဲတို့သည်၊-
3 ပေါလုကို သတ်ခြင်းငှာ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။-
4 ဖေတ္တုမင်းကလည်း၊ ပေါလုသည် ကဲသရိမြို့၌ အချုပ်ခံလျက်နေရ၏။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည်။-
5 သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
6 ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
7 ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။-
8 ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကို မပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကို ပြောလေ၏။-
9 သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာ ဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။-
10 ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူသည်အတိုင်း၊ အကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။-
11 အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကို အကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစ်စုံတစ်ခုမျှ မမှန်လျှင်၊ သူတို့လက်သို့ အကျွန်ုပ်ကို အဘယ်သူမျှ မစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။-
12 ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။
အဂြိပ္ပမင်းကြီးကို ပေါလုအကြောင်းပြောပြခြင်း
13 ထိုနောက်များမကြာ၊ အဂြိပ္ပမင်းကြီးသည် မိမိခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှာ ကဲသရိမြို့သို့ ရောက်လာ၏။-
14 အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု၏အကြောင်းကို မင်းကြီးအား ကြားပြောသည်မှာ၊ ဖေလဇ်မင်းသည် အကျဉ်းထားရစ်စေသော လူတစ်ယောက်ရှိ၏။-
15 ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊-
16 ကျွန်ုပ်ကလည်း၊ အပြစ်တင်ခြင်းကို ခံသောသူသည် အပြစ်တင်သော သူတို့နှင့် မျက်မှောက်တွေ့၍၊ မိမိ၌တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မစွန့်မအပ်ရဟု ရောမထုံးစံရှိကြောင်းကို ပြောဆို၏။-
17 ထိုသူတို့သည် ဤမြို့သို့ရောက်လာသောအခါ၊ ကျွန်ုပ်သည် မဆိုင်းမလင့်ဘဲ နက်ဖြန်နေ့၌ တရားပလ္လင်ပေါ်မှာ ထိုင်၍ ထိုသူကိုခေါ်စေ၏။-
18 သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင်၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတင်ဘဲလျက်၊ မိမိဘာသာနှင့်လည်းကောင်း၊ ယေရှုအမည်ရှိသော၊-
19 သေပြီးသော သူတစ်ယောက်နှင့်လည်းကောင်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု၍ အပြစ်တင်ကြ၏။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ်၏။-
20 ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသောကြောင့်၊ ပေါလုအားလည်း၊ သင်သည် ယေရုရှလင်မြို့သို့သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊-
21 ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။-
22 အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဖွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။
အဂြိပ္ပမင်းကြီးရှေ့သို့
23 နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလုကို ဆောင်ခဲ့စေ၏။-
24 ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။-
25 သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍လည်းကောင်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆို၍လည်းကောင်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှာ ကျွန်ုပ်စီရင်၏။-
26 သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဖို့၊ သေချာသောအကြောင်း တစ်စုံတစ်ခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှာ သင်တို့ရှေ့၌လည်းကောင်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌လည်းကောင်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။-
27 အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။