24
ပေါလုအားစွပ်စွဲကြခြင်း
1 ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။-
2 ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူသောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊-
3 အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။-
4 အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ယှက်ခြင်းအပြစ်နှင့်လွတ်ခြင်းငှာ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။-
5 နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှာ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။-
6 သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှာပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှာ+ ၂၄:၆-၈ အချို့လက်ရေးကျမ်းမူများတွင် "အကျွန်ုပ်တို့တရားအတိုင်း စီရင်ခြင်း---အကြောင်း စီရင်ပါ၏" မပါ အလိုရှိကြသည်တွင်၊-
7 စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနုတ်ပြီးလျှင်၊-
8 အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သော အကြောင်းအရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။-
9 ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
ဖေလဇ်မင်းရှေ့ပေါလုချေပချက်
10 မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့် ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။-
11 အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တစ်ဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။-
12 ဗိမာန်တော်၌ တစ်စုံတစ်ယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားဇရပ်တို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်း၊ လူများကို မငြိမ်မသက်စေခြင်းငှာ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။-
13 ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။
14 သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။-
15 ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။-
16 ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
17 နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊-
18 ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိပြည်ကလာသော ယုဒလူ အချို့တို့သည် တွေ့ကြပါ၏။-Ref ၂၄:၁၇-၁၈။ တ ၂၁:၁၇-၂၈။
19 ထိုသူတို့သည် အကျွန်ုပ်၌အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။-
20 သို့မဟုတ် အကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊-
21 အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု ကြွေးကြော်သော စကားသံတစ်ခွန်းကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22 ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။-
23 ပေါလုကို အကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။
ဖေလဇ်နှင့်ဒြုသိလေတို့အား ပေါလုဟောပြောခြင်း
24 ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွ လာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။-
25 ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။-
26 ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့် စကားပြောလေ၏။-
27 နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။