14
ဣ​ကော​နိ​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက်တို့သည် ယုဒတရားဇရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- မယုံကြည်သော ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။- ထိုကြောင့် ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင်ဘုရားသည်လည်း ကျေးဇူးတရားတော်ဘက်၌ သက်သေခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဖွယ်သောအမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့်ပေးတော်မူ၏။- ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌လည်းကောင်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌လည်းကောင်း နေကြ၏။- မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တစ်ဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊- တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊- ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။
လုတ္တ​ရ​မြို့​နှင့်​ဒေ​ရ​ဗေ​မြို့​တွင် အမှုဆောင်​ခြင်း
အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တစ်ခါမျှ မသွားဖူးသော လူတစ်ယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊- ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊- 10 ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရက်ထ၍ လှမ်းသွားလေ၏။- 11 ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာစကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။- 12 ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။- 13 ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းကုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊- 14 တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သတင်းကြားလျှင်၊ မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ ပြေးဝင်လျက်၊- 15 အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။-Ref ၁၄:၁၅။ ထွ ၂၀:၁၁။ ဆာ၊ ၁၄၆:၆။ 16 ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။- 17 သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူဟု ပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။- 18 ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။- 19 ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။- 20 တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။
ရှု​ရိ​ပြည်​အန္တိ​အုတ်​မြို့​ကို​ပြန်​လာ​ခြင်း
21 ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။- 22 ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။- 23 အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပတ္ထနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။- 24 ပိသိဒိပြည်တစ်ပြည်လုံးကိုလျှောက်သွား၍ ပမ်ဖုလိပြည်သို့ ရောက်လျှင်၊- 25 ပေရဂေမြို့၌ နှုတ်ကပတ်တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။- 26 ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှာ ဘုရားသခင်၏ ကျေးဇူးတော်သို့အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။ 27 ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏။- 28 ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။