13
ဗာနဗနှင့်ရှောလုကိုစေလွှတ်ခြင်း
1 အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။-
2 ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊-
3 အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။
ကုပရုကျွန်းတွင်အမှုဆောင်ခြင်း
4 ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှ သင်္ဘောနှင့်လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။-
5 ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။-
6 တစ်ကျွန်းလုံးကိုလျှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊-
7 ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကိုခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊-
8 အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှာ တမန်တော်တို့ကို ဟန့်တားလေ၏။-
9 ထိုအခါပေါလုဟု အမည်တွင်သော ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊-
10 လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သောလမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။-
11 ယခုပင် ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန်ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏချင်းတွင် မျက်စိမြှေးယှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။-
12 ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
ပိသိဒိပြည်အန္တိအုတ်မြို့တွင် အမှုဆောင်ခြင်း
13 ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပမ်ဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။-
14 ပေရဂေမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။-
15 ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
16 ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။-
17 ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။-Ref ၁၃:၁၇။ ထွ ၁:၇၊ ၁၂:၅၁။
18 အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။-Ref ၁၃:၁၈။ တော ၁၄:၃၄။ တရား၊ ၁:၃၁။
19 ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။-Ref ၁၃:၁၉။ တရား ၇:၁။ ယောရှု၊ ၁၄:၁။
20 ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။-Ref ၁၃:၂၀။ သူကြီး ၂:၁၆။ ၁ရာ၊ ၃:၂၀။
21 နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။-Ref ၁၃:၂၁။ ၁ရာ ၈:၅၊ ၁၀:၂၁။
22 နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။-Ref ၁၃:၂၂။ ၁ရာ ၁၃:၁၄၊ ၁၆:၁၂၊ ဆာ၊ ၈၉:၂၀။
23 ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။-
24 ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့် စပ်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။-Ref ၁၃:၂၄။ မာ ၁:၄။ လု၊ ၃:၃။
25 ယောဟန်သည် မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတစ်ပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။-Ref ၁၃:၂၅။ မ ၃:၁၁။ မာ၊ ၁:၇။ လု၊ ၃:၁၆။ ယော၊ ၁:၂၀၊ ၂၇။
26 အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။-+ ၁၃း၂၆ "----သင်တို့အား---မူ၏" အချို့မူ "ငါတို့အား"
27 ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းအစဉ်ဖတ်ရွက်သော ပရောဖက်တို့၏ စကားကိုလည်းကောင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။-
28 ကိုယ်တော်၌သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။-Ref ၁၃:၂၈။ မ ၂၇:၂၂-၂၃။ မာ၊ ၁၅:၁၃-၁၄။ လု၊ ၂၃:၂၁-၂၃။ ယော၊ ၁၉:၁၅။
29 ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။-Ref ၁၃:၂၉။ မ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။
30 ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ဖြစ်၍၊-
31 ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။-Ref ၁၃:၃၁။ တ ၁:၃။
32 ထိုသူတို့သည် လူများတို့အား သက်သေခံ ဖြစ်ကြ၏။-
33 ဆာလံကျမ်းဒုတိယခန်း၌ လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။-Ref ၁၃:၃၃။ ဆာ ၂:၇။
34 ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ကတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား+ ၁၃း၃၄ "ကတိတော်ကိုထိုသူတို့၏သားဖြစ်သောငါတို့အား" အချို့ "ထိုသူတို့၏---" မပါ ပြည့်စုံစေတော်မူသည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တစ်ဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာသတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။-Ref ၁၃:၃၄။ ဟေရှာ ၅၅:၃။
35 ထိုကြောင့် ဆာလံကျမ်းတစ်ခန်း၌ လာသည်ကား၊ ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။-
36 ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။-
37 ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
38 ထိုကြောင့် ညီအစ်တို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကိုလည်းကောင်း၊-
39 ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကိုလည်းကောင်း သိမှတ် ကြလော့။-
40 အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။-
41 အကြောင်းမူကား၊ သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ၌ ပါသောအရာကို သင်တို့အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။Ref ၁၃:၄၁။ ဟဗ ၁:၅။
42 လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။-
43 အစည်းအဝေးပြီး၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။-
44 နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။-
45 ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။-
46 ထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။-
47 မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားလင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။-Ref ၁၃:၄၇။ ဟေရှာ ၄၂:၆၊ ၄၉:၆။
48 ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်+ ၁၃း၄၈ ထာဝရဘုရား၏နှုတ်ကပတ်တရားတော်" အချို့ရှေးမူ "သခင်ဘုရား၏နှုတ်ကပတ်တရားတော်" ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊-
49 ထာဝရဘုရား၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။-
50 ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။-
51 တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။-Ref ၁၃:၅၁။ မ ၁၀:၁၄။ မာ၊ ၆:၁၁။ လု၊ ၉:၅၊ ၁၀:၁၁။
52 တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။-