3
1 ပုန်ကန်၍ညစ်ညူးသောမြို့၊ ညှဉ်းပန်းလေ့ရှိသောမြို့တော်သည်၊ အမင်္ဂလာရှိ၏။
2 ဗျာဒိတ်တော်ကိုနားထောင်ခြင်း၊ အဆုံးအမတော်ကိုနာယူခြင်း၊ ထာဝရဘုရားကိုအားကိုးခြင်း၊ ကိုယ့်ဘုရားသခင့်ထံချဉ်းကပ်ခြင်းများကို၊ မပြုသည့်အလျောက်၊
3 ရှိနေသောမှူးမတ်တို့သည် ဟိန်းဟောက်သောခြင်္သေ့များ၊ တရားသူကြီးတို့သည် နံနက်တိုင်မခြွင်းမချန်၊ ညဉ့်ယံတွင်စားမျိုသော ဝံပုလွေများ၊
4 ပရောဖက်တို့သည် ဝါကြွား၍၊ သစ္စာဖျက်သောသူများ၊ ပရောဟိတ်တို့သည် သီးသန့်ရာများကို မသန့်ရာရောက်စေလျက်၊ ပညတ်တရားတော်ကို ရက်စက်စွာလွှဲသော လူများဖြစ်ကြလေစွ။
5 ထိုမြို့တွင် စံနေတော်မူသော ထာဝရဘုရားမှာမူ၊ တစ်သမတ်တည်းဖြောင့်မတ်လျက်၊ နံနက်တိုင်းအစဉ်ဆုံးဖြတ်တော်မူချက်များကို၊ အထင်အရှားထုတ်ဖော်တော်မူ၏။ သို့ရာတွင်၊ မတရားသူတို့သည်၊ ရှက်ကြောက်ခြင်းကင်းလျက်နေကြသည်တကား။
6 ခံတပ်များ၌ ဆိတ်ညံရာရောက်အောင်၊ လူမျိုးတို့ကိုပယ်ရှားခြင်း၊ ေလျှာက်သွားသူ ကင်းသည့်တိုင်အောင်၊ လမ်းများကို ဖုန်းဆိုးကုန်းထားခြင်း၊ နေထိုင်သူမဲ့သည့် တိုင်အောင်၊ မြို့ရွာများကိုဖျက်ဆီးခြင်းပြုခဲ့ရာတွင်၊
7 ငါက၊ သင်သည် ငါစီရင်ခဲ့သမျှအတိုင်းမြို့ တည်ရင်းမပျက်အံ့သောငှာ၊ အဆုံးအမတော်ကိုနာယူလျက်၊ ငါ့အားခန့်ညားလိမ့်မည်ဟု ေမျှာ်လင့်သော်လည်း၊ ချင်းတို့သည် ပျက်ယွင်းခြင်းအပြုအမူကိုသာဝိရိယစိုက်ကြ၏။
8 သို့ဖြစ်၍ မြေတစ်ပြင်လုံးသည်၊ ရှုစိတ်တော်မမူခြင်းအရှိန်ကြောင့် ကျွမ်းလောင်ခံရမည့်အလျောက်၊ လူမျိုးများ၊ တိုင်းနိုင်ငံများအပေါ်တွင်၊ အမျက်ဒဏ်နှင့်ဒေါသအဟုန်ကိုသွန်းလောင်းရအံ့သောငှာ၊ ထိုသူတို့ကို ငါခေါ်ငင်စုရုံးမည်ဟု ပြဋ္ဌာန်း ပြီးဖြစ်သည့်အရာ၊ အလိုက်အဖမ်းမထွက်မချင်းဆိုင်းလင့်ကြဦး။
9 ထိုကာလ၊ လူအမျိုးမျိုးတို့သည်၊ တစ်သဘောတည်းဝတ်ပြုလျက်၊ ငါထာဝရဘုရား၏ နာမတော်အား ပဌနာပြုစေခြင်းငှာ၊ နှုတ်များကို ငါစင်ကြယ်စေမည့်အလျောက်၊
10 ကုရှပြည်မြစ်များတစ်ဘက်နေထိုင်သူတို့သည်၊ ကွဲလွင့်သောတပည့်ဖြစ်သူ ငါ့လူမျိုးကို၊ အလှူဝတ္ထုအဖြစ်ပို့ဆက်ကြလိမ့်မည်။
11 ထိုနေ့ရက်၊ သန့်ရှင်းသောငါ့တောင်တော်ပေါ်၌၊ သင်ဆက်လက်မ ထောင်မလွှားရအောင်၊ ရွှင်လန်းမောက်မာသောသူတို့ကို၊ သင့်အလယ်မှငါရုပ်သိမ်းမည်နှင့်အညီ၊ ငါ့အားပြုဘူးသောလွန်ကျူးမှုများအတွက်၊ ရှက်ကြောက်ခြင်းရှိရတော့မည်မဟုတ်။
12 ငါထာဝရဘုရား၏၊ နာမတော်အားကိုးစားမည့်ဆင်းရဲနွမ်းပါးသူတို့ကိုသာ၊ ငါထားခဲ့မည်။
13 ဣသရေလလူမျိုးအကြွင်းအကျန်တို့သည်၊ အဓမ္မကျင့်ခြင်း၊ မုသာသုံးခြင်းမပြု။ နှုတ်တွင်လှည့်စားခြင်းရှိတော့မည်မဟုတ်။ ထိတ်လန့်ရာမဲ့ကျက်စားအိပ်ဝပ်လျက် နေရကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
14 အိုသတို့သမီး ဇိအုန်၊ ကြွေးကြော်လော့။ အိုဣသရေလလူမျိုး၊ ကျူးဧလော့။ အိုသတို့သမီးယေရုရှလင်၊ စိတ်ပါကိုယ်ရောက်အားရရွှင်လန်းလော့။
15 ထာဝရဘုရားသည်၊ သင်၌စီရင်ဒဏ်ပလပ်စေ၍၊ ရန်သူ့ကိုလည်းဆုတ်ခွာစေတော်မူပြီ။ ဣသရေလလူမျိုး၏ဘုရင်ထာဝရဘုရားသည်၊ သင့်အလယ်တွင်စံနေ တော်မူသောကြောင့်၊ ဒုက္ခတွေ့ရတော့မည်မဟုတ်။
16 ထိုနေ့ရက်၌ ယေရုရှလင်မြို့အား၊ အိုဇိအုန်မြို့၊ ကြောက်ရွံ့ခြင်း၊ လက်လျော့ခြင်းမရှိလင့်။
17 သင့်ဘုရားသခင် ထာဝရဘုရားသည်၊ ကယ်ဆယ်မည့်ရဲမက်သဖွယ်၊ သင့်အလယ်တွင်စံနေတော်မူ၍၊ သင့်အတွက်ကြောင့်အားရရွှင်လန်းခြင်း၊ မေတ္တာသက်၍ ဆိတ်ဆိတ်နေခြင်း၊ ကျူးဧလျက်ကြွေးကြော်ခြင်းကို ပြုတော်မူလိမ့်မည်ဟု ဆိုရကြလတ္တံ့။
18 ကဲ့ရဲ့ခြင်းဝန်ကို ထမ်းဆောင်ရသောသင်နှင့် ကွေကွင်း၍၊ ပြုမြဲပွဲအတွက် လွမ်းဆွတ်သူတို့ကို၊ ငါစုသိမ်းမည်။ ထိုကာလ၌၊
19 ငါသည် သင့်ကိုညှဉ်းပမ်းသောလူအမျိုးမျိုးတို့အား စီရင်လျက်၊ ထော့နဲ့သွားခဲ့ရသူ၊ နှင်ထုတ်ခံခဲ့ရသူတို့ကို၊ ကယ်ဆယ်စုသိမ်း၍၊ ေမြတစ်ပြင်လုံးတွင်အရှက်ကွဲရေသာထိုသူတို့ကို၊ ချီးမွမ်းရာ၊ ေကျာ်စောရာလူမျိုးဖြစ်စေမည်။
20 ထိုကာလ၌၊ ငါသည် သင်တို့ကို စုသိမ်း၍ ပြန်ပို့မည်။ သုံ့ဘမ်းခံရသောလူမျိုးချင်းတို့ကို၊ သင်တို့မျက်မှောက်ထင်ထင်ငါပြန်ပို့မည့်ကာလ၊ သင်တို့ကို မြေတစ်ပြင်လုံးရှိ လူအမျိုးမျိုးတို့တွင်၊ ကျော်စောရာ၊ ချီးမွမ်းရာလူမျိုးဖြစ်စေမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။