3
သင်းအုပ်ရာထူးကိုရှာကြံသူသည် ကောင်းရာကိုအလိုရှိသည်ဟူသောစကားမှာ သစ္စာတည်ရာစကားဖြစ်၏။ သို့ဖြစ်၍ သင်းအုပ်သည်အပြစ်တင်ခွင့်မဲ့သူ၊ မယားတစ်ယောက်နှင့်သာအိမ်ထောင်ပြုသူ၊ သတိရှိသူ၊ ဣန္ဒြေစောင့်သူ၊ သင့်လျော်စွာပြုသူ၊ ဧည့်ဝတ်ကြေသူ၊ သင်ကြားတတ်သူ၊ သောက်ကြူးခြင်း၊ ကြမ်းတမ်းခြင်းကင်းလျက်၊ နူးညံ့သူ၊ ရန်မလိုသူ၊ လောဘမဲ့သူ၊ စုံလင်စွာရိုသေသမှုပြုသောသားသမီးတို့ရှိလျက် ကိုယ့်အိမ်ကိုကောင်းစွာအုပ်စိုးသူဖြစ်ရမည်။ ကိုယ့်အိမ်ကိုမအုပ်စိုးတတ်သူသည် ဘုရားသခင့်အသင်းတော်ကို မည်သို့ကြည့်ရှုနိုင်အံ့နည်း။ ၎င်းပြင် မာနကြီးသဖြင့် မာရ်နတ်ခံရသောပြစ်ဒဏ်ကိုခံရမည်စိုး၍ ခရစ်ယာန်သစ်မဟုတ်စေရ။ အပြစ်တင်ခံရသဖြင့် မာရ်နတ်ကျော့ကွင်းမိမည်စိုး၍ သာသနာပတို့ရှေ့အသရေရှိသူဖြစ်ရမည်။ ထိုနည်းတူသင်းထောက်တို့လည်း ရိုသေဖွယ်သူ၊ နှစ်ခွမပြောသူ၊ မသောက်ကြူးသူ၊ အမြတ်အစွန်းမလိုလားသူ၊ ကြည်လင်သော သြတ္တပ္ပစိတ်ရှိလျက် ယုံကြည်ခြင်းတရား၏နက်နဲခြင်းကို စွဲမြဲသူဖြစ်ရမည်။ 10 ထိုသူတို့သည်စစ်ဆေးခံ၍ အပြစ်ကင်းမှ ဆောင်ရွက်ကြစေ။ 11 ထိုနည်းတူမိန်းမတို့လည်း ရိုသေဖွယ်သူ၊ ကုန်းမချောသူ၊ သတိရှိသူ၊ အရာရာတွင်သစ္စာစောင့်သူဖြစ်ရမည်။ 12 သင်းထောက်တို့သည် မယားတစ်ယောက်နှင့်သာအိမ်ထောင်ပြုသူ၊ သားသမီးတို့မှစ၍ အိမ်ကိုကောင်းစွာအုပ်စိုးသူဖြစ်ရမည်။ 13 ကောင်းမွန်စွာဆောင်ရွက်သောထိုသူတို့သည် ကောင်းသောအခြေအနေကိုရသည့်ပြင် ခရစ်တော်ယေရှုအားယုံကြည်ခြင်းအမှုကို အလွန်ရဲရင့်စွာပြုတတ်၏။ 14-15 ငါသည် သင့်ထံမကြာမီရောက်လာမည်ဟုအောက်မေ့သော်လည်း နှောင့်နှေးခဲ့လျှင် သမ္မာတရား၏ထောက်ခံရာကွန်းတိုင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင့်အသင်းတော်၊ ဘုရားသခင့်အိမ်တော်တွင် မည်သို့ကျင့်ကြံရမည်ကိုသင်သိစေရန် ဤသို့ရေးလိုက်၏။ 16 ဘုရားတရားကြည်ညိုခြင်းဖြစ်စေသောနက်နဲရာကား၊ ကြီးမြတ်ကြောင်းဝန်ခံထိုက်သည့်ပြင် ရုပ်ခန္ဓာ၌ဖော်ပြခြင်း၊ နံခန္ဓာ၌ဖြောင့်မတ်ကြောင်းထင်ရှားခြင်း၊ စေတမန်တော်တို့ရှေ့ထင်ပေါ်ခြင်း၊ လူအမျိုးမျိုးတို့တွင်ကြေငြာခြင်း၊ ဤလောက၌ယုံကြည်ကြခြင်း၊ ဘုန်းတော်နှင့်တကွချီဆောင်ခြင်းများကို ခံတော်မူသောအရှင်တည်း။