3
ရှောလုမင်းဆွေတော်မျိုးတော်တို့နှင့် ဒါဝိဒ်မင်းဆွေတော်မျိုးတော်တို့သည် ကြာမြင့်စွာစစ်တိုက်ရာ ဒါဝိဒ်မင်းမှာ အာဗလတိုးတက်၍ ရှောလုမင်းဆွေတော်မျိုးတော်တို့မှာကား အားလျော့ကြလေ၏။
ဟေဗြုန်မြို့၌ဒါဝိဒ်မင်း​ရသော သားတော်တို့တွင် သားဦးကား၊ ယေဇရေလမြို့သူအဟိနောင်မြင် သောသားတော်အာမနုန်၊ ဒုတိယသားကား ကရမေလအရပ်နေ နာ​ဗလ၏ခင်ပွန်းဟောင်း အဘိဂဲလမြင်သောသားတော် ခိလပ်၊ တတိယသားကား၊ ဂေရှုရဘုရင်တာလမဲမင်း၏ သမီးတော်မာခါမြင်သောသားတော်အဗရှလုံ၊ စတုတ္ထသားကား ဟဂ္ဂိတ်မြင်သောသားတော်အဒေါနိယ၊ ပဥ္စမသားကား အဘိတလမြင်သော သားတော်ရှေဖတိ၊ ဆဌမသားကား မိဘုရားဧဂလာမြင်သောသားတော်ဣသရံတို့တည်း။ ဆိုခဲ့သောသားတော်များ သည် ဟေဗြုန်မြို့၌ဒါဝိဒ်မင်းရသောသားတော်များဖြစ်၏။
ရှောလုမင်းဆွေတော်မျိုးတော်တို့နှင့် ဒါဝိဒ်မင်းဆွေတော်မျိုးတော်တို့ စစ်တိုက်ကြသည့်ကာလ အာဗနာသည် ရှောလုမင်းဆွေတော်မျိုးတော်တို့တွင် ကိုယ်ကိုအာဏာကြီးစေလေ၏။ ရှောလုမင်း၌ အာယ၏သမီး၊ ရိဇပအမည်ရှိသော မောင်းမငယ်တစ်ယောက်ကျန်ရှိသည်နှင့် ဣရှဗောရှက်က၊ ငါ့ခမည်းတော်၏မောင်းမငယ့်ထံ သင်အဘယ်ကြောင့် ဝင်ရသနည်းဟု အာဗနာအားဆိုမိသည့်အတွက် ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် အာဗနာက၊ ငါ့ကိုယုဒဘက်ပါ ခွေးခေါင်းမှတ် သလော။ ဒါဝိဒ်မင်းလက်တွင်းသို့ သင့်ကိုမအပ်။ သင့်ခမည်းတော်ရှောလုမင်း၏ညီတော်နောင် တော်မှစသော ဆွေတော်မျိုးတော်အပေါင်းတို့အား ယနေ့တိုင်အောင် ငါပြုသောကျေးဇူးကိုမဲ့လျက် ဤမိန်းမကြောင့် အပြစ်တင်လေဘိတကား။ 9-10 ထာဝရဘုရားသည် နိုင်ငံတော်ကိုရှောလုမင်းအမျိုးမှလွှဲပြီးလျှင် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်တစ်ဝန်းလုံး၌ ဒါဝိဒ်၏အာဏာတည်စေမည်ဟု ဒါဝိဒ်မင်းအား သစ္စာဆိုတော်မူခဲ့သည့်အတိုင်း ငါလည်းမပြုဘဲနေလျှင် ဘုရားသခင်သည် ငါအာဗနာ့အပေါ်တွင် သာ၍အပြစ်စီရင်ပါစေသောဟုဆိုသော်၊ 11 ဣရဗောရှက်မင်းကြောက်ရွံ့သဖြင့် စကားတစ်ခွန်းမျှ မတုံ့မပြန်ဝံ့ချေ။
12 ထိုနောက် အာဗနာသည် ဒါဝိဒ်မင်းထံကိုယ့်အတွက်တမန်တို့ကိုစေ၍ ဤပြည်ကား မည်သူ့ လက်ဝယ်ပါသနည်းဟူ၍လည်းေကာင်း၊ ကျွန်တော်နှင့်သစ္စာမိတ်ဖွဲ့တော်မူလျှင် အရှင့်ထံဣသရေလတစ်မျိုးလုံး ညွှတ်စေရန် ကျွန်တော့်လက်ရုံးသည် အရှင့်လက်ရုံးဖြစ်ပါလိမ့်မည်ဟူ၍လည်းေကာင်း၊ တင်ဆက်သော်၊ 13 ဒါဝိဒ်မင်းက၊ ကောင်းပြီ။ သစ္စာမိတ်ဖွဲ့မည်။ သို့ရာတွင် တောင်းဆိုရန်တစ်ခုရှိသည်မှာ ငါ့မျက်နှာ ကိုအဖူးအမြင်လာသောအခါ ရှောလုမင်းသမီးတော်မိခါလကို တင်ရင်မဆက်က၊ ငါ့မျက်နှာကိုဖူးမြင် ရမည်မဟုတ်ဟု မိန့်ဆိုသည့်ပြင်၊ 14 ရှောလုမင်းသားတော် ဣရှဗောရှက်မင်းထံ တမန်တို့ကိုစေလွှတ်လျက်၊ ဖိလိတ္တိတို့အရေဖျား တစ်ရာနှင့် ကန်တော့လက်ဆောင်တင်သွင်း၍ ရသော ငါ့ကြင်ဘက်မိခါလကို ပို့အပ်ပါလော့ဟု အမှာတော်သလိုက်သည့်အတိုင်း 15 ဣရှဗောရှက်မင်းသည် မိခါလကို လဲရှသား၊ နောက်လင်ပါလတေလထံမှ ပြန်သိမ်းစေ၏။ 16 ပါလတေလလည်း၊ ငိုကြွေးလျက် ဗာဟုရိမ်မြို့ရောက်လိုက်လာသော် ပြန်သွားလော့ဟု အာဗနာဆိုသည့်အတိုင်းပြန်သွားရ၏။
17 အာဗနာသည် ဣသရေလလူကြီးတို့နှင့် တိုင်ပင်လျက် ယမန်ကပင် ဒါဝိဒ်ကိုမင်းမြှောက်ရန် သင်တို့ကြံစည်ခဲ့ကြပြီ။ 18 ဒါဝိဒ်မင်းကိုရည်၍ ထာဝရဘုရားက ဣသရေလူမျိုးတော်ကို ဖိလိတ္တိလူမျိုးနှင့်အခြားရန်သူ တို့လက်တွင်းမှ ငါ့ကျွန်ရင်းဒါဝိဒ်၏လက်ရုံးရည်ဖြင့် ကယ်ဆယ်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်ဖြစ်၍ ယခုလုံ့လထုတ်ကြလော့ဟု တိုက်တွန်းသည့်ပြင် 19 ဗင်္ယာမိန့်အနွယ်သားတို့အားလည်း ညှိနှိုင်းပြီးလျှင်၊ ဣသရေလူမျိုးတို့နှင့် ဗင်္ယာမိန့်အနွယ်သား အပေါင်းတို့ကြိုက်ညီကြသည့်အတိုင်း ဒါဝိဒ်မင်းထံတင်လျှောက်ရန် ဟေဗြုန်မြို့သို့သွားလေ၏။ 20 လူနှစ်ကျိပ်နှင့်တကွ အာဗနာရောက်သော် ဒါဝိဒ်မင်းသည် အာဗနာနှင့်အပေါင်းပါတို့အဖို့စား သောက်ပွဲခင်းကျင်းလေ၏။ 21 ထိုနောက် အာဗနာက၊ ကျွန်တော်ထွက်သွားပြီးလျှင် သစ္စာမိတ်ဖွဲ့လျက် သဘောတော် အလျောက် အုပ်စိုးခွင့်ရစေရန် အရှင်မင်းမြတ်ထံ ဣသရေလတစ်မျိုးလုံးကိုစုရုံးပါမည်ဟု တင်လျှောက်သည့်အတိုင်း ဒါဝိဒ်မင်းခွင့်ပြု၍ ဘေးမဲ့သွားရလေ၏။ 22 ထိုသို့ဒါဝိဒ်မင်းခွင့်ပြု၍ ဟေဗြုန်မြို့မှအာဗနာဘေးမဲ့ထွက်သွားပြီးနောက် ယွာဘနှင့်ဒါဝိဒ်မင်း သူရဲတို့သည် လက်ရဥစ္စာအမြောက်အမြားနှင့် စစ်အောင်ရာမှပြန်လာလျက် 23 အပေါင်းပါတစ်တပ်လုံးဆိုက်ရောက်ကြရာ ဘုရင်မင်းထံနေရသား အာဗနာဝင်ရောက်ပြီ။ ခွင့်ပေးတော်မူသဖြင့် ဘေးမဲ့ထွက်သွားရလေပြီဟူသောသတင်းကို ယွာဘကြားသော်၊ 24 ဘုရင်မင်းထံဝင်၍ မည်သို့ပြုတော်မူဘိသနည်း။ အာဗနာသည် ရှေ့တော်သို့ဝင်ရောက် သည်ဖြစ်လျက် အဘယ်ကြောင့် အလွတ်ထွက်သွားခွင့်ပြုတော်မူသနည်း။ 25 နေရသားအာဗနာသည် စစ်ဝင်ခြင်း၊ စစ်ထွက်ခြင်းအမှုနှင့် စီမံသမျှကိုသိလို၍ ကိုယ်တော်အား လှည့်ဖြားခြင်းငှါ ရောက်လာကြောင်း ဘုရင်မင်းသိအပ်သည်ဟု တင်လျှောက်လေ၏။ 26 ယွာဘသည် အပါးတော်ကထွက်သွားလျက် ဒါဝိဒ်မင်းမသိစေဘဲ အာဗနာကိုလိုက်ခေါ်ရန် ခြေလျင်တို့ကိုစေလွှတ်သဖြင့် သိရရေတွင်းမှာမှီ၍ ပြန်ခေါ်သည့်အတိုင်း 27 ဟေဗြုန်မြို့သို့ရောက်သောအခါ ယွာဘသည် နှစ်ကိုယ့်တစ်စိတ်တိုင်ပင်လိုဟန် မြို့တံခါးဝသို့ ခေါ်ပြီးလျှင် ညီအာသဟေလအသွေးကို သွန်းမိသည့်အတွက် ဝမ်းကိုထိုးသတ်သဖြင့် အာဗနာသေလေ၏။ 28 ထိုအကြောင်း ဒါဝိဒ်မင်းကြားသော် ငါနှင့်တကွတစ်နိုင်ငံလုံးသည် နေရသားအာဗနာ့အသွေးကို သွန်းပြစ်နှင့် ထာဝရဘုရားရှေ့တော်တွင် အစဉ်ကင်းလျက်ရှိပါ၏။ 29 ယွာဘနှင့်လည်းေကာင်းအမျိုးအဆွေတို့ ဦးထိပ်ထက်သင့်ရောက်ပါစေသော။ ယွာဘ၏ဆွေမျိုးအစဉ် အဆက်၊ ရိနာ၊ နူနာ၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးများသင့်သည့်ပြင်၊ ဗိုင်းငင့်လျက် အသက်မွေးရပါစေသောဟု ကျိန်ဆိုလေ၏။ 30 ယွာဘနှင့်ညီအဘိရှဲတို့သည် ညီထွေးအာသဟေလကို ဂိဗောင်စစ်ရေးတွင် အာဗနာလုပ်ကြံ သည့်အတွက် ထိုသို့လက်စားချေကြသတည်း။
31 ယွာဘနှင့်အပေါင်းပါတို့အား ဒါဝိဒ်မင်းက၊ အာဗနာ့အလောင်းရှေ့အဝတ်ဆုတ်ခြင်း၊ လျော်တေဝတ်ခြင်း၊ မြည်တမ်းခြင်းအမှုကိုပြုကြလော့ဟု မိန့်ဆိုပြီးလျှင် 32 ကိုယ်တော်တိုင်လိုက်ပို့လျက် ဟေဗြုန်မြို့တွင် သင်္ဂြိုဟ်ကြရာ မြေပုံ့အနီးဘုရင်မင်းအော်ဟစ်ငိုကြွေးသော် ပရိသတ်လုံးငိုကြွေးကြကုန်၏။ 33 ဘုရင်မင်းသည် အာဗနာအတွက် ငိုချင်းဖွဲ့ဆိုသည်မှာ အိုအာဗနာ၊ သင်သည်သူမိုက်သေ၊ သေအပ်သလော။ 34 လူဆိုးတို့လက်ဖြင့် ကျဆုံးသည့်နည်းတူ လက်ထိတ်မခတ်၊ ခြေချင်းမစွဲဘဲ၊ ကျဆုံးလေစွတကားဟု ဖွဲ့ဆိုလျှင် ပရိသတ်လုံးလည်း ငိုကြွေးကြပြန်၏။ 35 ထိုနောက် ပရိသတ်ဥဿုံသည် ဒါဝိဒ်မင်းထံချဉ်းကပ်၍ နေမဝင်မီပွဲတော်တည်ရန် တောင်းပန်ကြသော် လည်း၊ ဒါဝိဒ်မင်းက၊ နေမဝင်မီ မည်သည့်ပွဲတော်စာမဆို ငါမြည်းစမ်းမိလျှင် ဘုရားသခင်သည် ငါ့အပေါ်တွင် သာ၍အပြစ်စီရင်ပါစေသောဟု သစ္စာဆိုသောအခါ 36 ပရိသတ်ဥဿုံသည် ဘုရင်မင်းပြုသမျှကိုနှစ်သက်ကြသည့်အတိုင်း ဤအမှုကိုလည်း သိမှတ်၍နှစ်သက် ကြ၏။ 37 လူပရိသတ်မှစ၍ ဣသရေလတစ်မျိုးလုံးလည်း နေရသားအာဗနာကို ကွပ်မျက်ရန်ဘုရင်မင်းသဘောမတူ ကြောင်း ထိုနေ့တွင်နားလည်ကြသတည်း။ 38 ကျေးကျွန်သင်းပင်းတို့အားလည်း ဘုရင်မင်းက၊ ဣသရေလူမျိုး၌ကြီးမြတ်သောစစ်ဘုရင်တစ်ပါး ယနေ့ကျ ဆုံးကြောင်းကို မသိကြလော။ 39 ငါသည်ဘိသိက်တော်ခံ ဘုရင်မင်းမှန်သော်လည်း၊ ယနေ့နူးညံ့သိမ်မွေ့၏။ ဇေရုယာ့သားဖြစ်သော ဤသူတို့ကား၊ ငါ့ထက်ကြမ်းကြုတ်ကြ၏။ ထာဝရဘုရားသည် လူသွမ်းတို့အကျင့်ဆိုးအတိုင်း ဆပ်ပေးတော်မူပါ စေသောဟု မြွက်ဆိုလေ၏။