5
ဖိလိတ္တိတပ်သည် ဘုရားသခင့်သေတ္တာတော်ကို သုံ့ရပြီးလျှင် ဧဗနေဇာမြို့မှအာဇုတ်မြို့သို့ ဆောင်သွားလျက် ဒါဂုန်ဘုရားကျောင်းအတွင်းသွင်း၍ ဒါဂုန်အနီးချထားကြ၏။ နောက်နေ့နံနက်အချိန်အာဇုတ်မြို့သူမြို့သားတို့ထကြလျှင် ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှောက်လဲလျက်ရှိသည်ကို တွေ့ကြသဖြင့် ယူမ၍နေရာရင်းတွင် တည်ထားကြ ပြန်၏။ နောက်နံနက်အချိန်၌လည်း ထကြသော်၊ ဒါဂုန်သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ ဦးခေါင်းနှင့်လက်နှစ်ဘက်ပြတ်၍ ကိုယ်ချည်းသက်သက်ေမှာက်လဲလျက်ရှိသည်ကိုတွေ့ကြပြန်၏။ ပြတ်ေသာလက်နှစ်ဘက်နှင့်ဦးခေါင်းကား တံခါးခုံတွင် တည်ရှိ၏။ ထိုကြောင့် အာဇုတ်မြို့တွင် ဒါဂုန့်ပရောဟိတ်တို့မှစ၍ ၎င်းကျောင်းအတွင်းထွက်ဝင်သူတို့သည် တံခါးခုံကို ယခုတိုင်အောင် နင်းလေ့မရှိချေ။ ထိုအခါ ထာဝရဘုရားသည် အာဇုတ်မြို့နှင့်၎င်းနယ်တွင် နေထိုင်သူတို့ကို လေးလံသော လက်တော်နှင့် ဖျက်ဆီး၍ ဘင်နာဖြင့်လည်းဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့သားတို့သိမြင်ကြလျှင် ငါတို့၌လည်းကောင်း၊ ငါတို့ဘုရားဒါဂုန်၌လည်းကောင်း၊ ဣသရေလလူမျိုး၏ ဘုရားသခင်သည် ပြင်းထန်စွာလက်တော်တင်ဖိခြင်းကြောင့် ထိုဘုရား၏သေတ္တာတော်ငါတို့နှင့် ကင်းပါစေဟု သဘောညီညွတ်ပြီးလျှင် ဖိလိတ္တိမင်းအပေါင်းတို့ လာရောက်စုရုံးစေပြီးမှ ဣသရေလူမျိုး၏ ဘုရားသခင့်သေတ္တာတော် ကို မည်သို့ပြုရအံ့နည်းဟု မေးမြန်းကြသော်၊ မင်းတို့က ဣသရေလလူမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဂါသမြို့သို့ရွှေ့ထားပါစေဟု ဆုံးဖြတ်သည့်အတိုင်း ရွှေ့ထားကြပြီးလျှင်၊ ထာဝရဘုရားသည် ထိုမြို့ကိုကြီးစွာသောအထိတ်တလန့်ဖြစ်စေခြင်းငှာ လက်တော်တင်ဖိ၍ မြို့သူမြို့သားလူကြီးလူငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့် ဘင်နာပေါ်ထွက်ခြင်းခံရသောကြောင့် 10 ဘုရားသခင့်သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်ကြ၏။ ထိုသို့ဘုရားသခင့်သေတ္တာတော်သည် ဧကြုန်မြို့သို့ရောက်သော်၊ မြို့သူမြို့သားတို့က၊ ငါတို့မှစ၍ အမျိုးသားချင်းတို့ သေစေခြင်းငှါ ဣသရေလလူမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံရွှေ့လိုက်ပြီတကားဟု အော်ဟစ်၍ 11 ဖိလိတ္တိမင်းအပေါင်းတို့ လာရောက်စုရုံးစေပြီးလျှင် ငါတို့မှစ၍ အမျိုးသားချင်းတို့မသေစေရန် ဣသရေလလူမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို နေရင်းဌာနသို့ပြန်၍ ပို့လိုက်ကြပါဟု တောင်းပန် ကြ၏။ အသို့ဆိုသော်၊ ဘုရားသခင်သည် လေးလံသောလက်တော်တင်ဖိခြင်းဖြင့် တစ်မြို့လုံးတွင် ထိတ်လန့်ဖွယ်သေဘေးသင့်ရောက်စေတော်မူသည့်ပြင် 12 မသေကျန်သူတို့လည်း ဘင်နာခံရကြသည်နှင့် အော်ဟစ်သံသည် ကောင်းကင်တိုင်တက် ရောက်လာေသာကြောင့်တည်း။