31
ဣသရေလူမျိုးနှင့် ဖိလိတ္တိလူမျိုး စစ်တိုက်ရာ ဣသရေလတပ်ဆုတ်ပြေးရ၍ ဂိလဗောတောင်ရိုး တစ်လျှောက်ကျဆုံးကြ၏။ ဖိလိတ္တိရဲမက်တို့သည် ရှောလုမင်းနှင့် သားတော်တို့ကို ထပ်ကြပ်လိုက်လံလျက် သားတော် ယောနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို လုပ်ကြံကြ၏။ ရှောလုမင်းလည်း အပြင်းအထန်အတိုက်ခံရာ၌ လေးတပ်မှမြှားထိမှန်သဖြင့် ပြင်းပြစွာဝေဒနာ ရောက်သောကြောင့် လက်နက်တော်ကိုင်အား လှီးဖြတ်ခြင်းမင်္ဂလာမဲ့သော ဤသူတို့သည် ငါ့ထံချဉ်းလာထိုးသတ်၍ ရက်စက်ကြမ်းကြုတ်စွာ မပြုမလုပ်စေရန် သင့်ဓားကိုဆွဲနုတ်ထိုးသတ်လော့ဟု မိန့်ဆိုသော်လည်း လက်နက်တော်ကိုင်အလွန်ကြောက်ရွံ့သည်နှင့် မပြုဝံ့သောကြောင့် ကိုယ်တိုင်ဓားတော်ကိုဆွဲ ယူလျက် ဓားဦးပေါ်တွင် လှဲသေလေ၏။ လက်နက်တော်ကိုင်လည်း ရှောလုမင်းသေသည်ကိုသိမြင်လျှင် ကိုယ့်ဓားဦးပေါ်တွင်လှဲ၍ ရှောလုမင်းနှင့်အတူသေလေ၏။ ရှောလုမင်းမှစ၍ သားတော်သုံးပါး၊ လက်နက်တော်ကိုင်နှင့် ကိုယ့်ရံတပ်သားတို့ပါ ထိုနေ့ချင်း တွင် သေကြကုန်၏။ ချိုင့်တစ်ဘက်နှင့်ယော်ဒန်မြစ်တစ်ဘက်တွင် နေထိုင်သူ ဣသရေလလူမျိုးတို့သည် ရှောလုမင်းနှင့် သားတော်တို့ကွယ်လွန်ကြောင်း ဣသရေလရဲမက်တို့ဆုတ်ပြေးရကြောင်းများကိုကြားသိလျှင် ကိုယ့် မြို့ရွာများမှ စွန့်ခွာထွက်ပြေးကြရာ ဖိလိတ္တိလူမျိုးတို့ ဝင်ရောက်နေထိုင်ကြ၏။
နောက်နေ့၌ ဖိလိတ္တိတပ်သားတို့သည် ကျဆုံးသူတို့မှပါရှိသမျှကို သိမ်းယူရန်လာကြသော် ဂိလဗောတောင်ရိုးတွင် သားတော်သုံးပါးနှင့်တကွ ရှောလုမင်းကျဆုံးသည်ကို တွေ့မြင်ရာ ဦးခေါင်းတော်ကိုဖြတ်၍ ချွတ်ယူသောလက်နက်စုံနှင့် တကွ ကိုယ့်ပြည်ရှိရုပ်ပွားကျောင်းများ လူသူများထံ၊ သတင်းကြော်ငြာရာအဖြစ် အနှံ့အပြားပို့လိုက်ကြ၏။ 10 လက်နက်တော်ကို အာရှတရက်နတ်စင်တွင်ထား၍ အလောင်းတော်ကိုကား ဗက်ရှန်မြို့ရိုး မှာဆွဲထားကြ၏။ 11 ရှောလုမင်း၌ ဖိလိတ္တိတပ်သားတို့ပြုသောအမှုကို ဂိလဒ်နယ်၊ ယာဗက်မြို့သားတို့ကြားလျှင် 12 သူရဲကောင်းအပေါင်းတို့သည် ညဉ့်ချင်းရောက်ချီသွားလျက် ရှောလုမင်းနှင့်သားတော်တို့ အလောင်းများကို ဗက်ရှန်မြို့ရိုးပေါ်မှ ချယူပြီးသော် ယာဗက်မြို့သို့ပြန်ရောက်၍ မီးသင်္ဂြိုဟ်ကြလေ၏။ 13 အရိုးတော်များကိုလည်း ကောက်ယူလျက် ယာဗက်မြို့ရှိမန်ကျည်းပင်အောက်တွင် ဘူမိစ္ျာပန ပြုပြီးမှ ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြကုန်၏။