30
1 သုံးရက်အတွင်း ဇိကလတ်မြို့သို့ ဒါဝိဒ်နှင့်အပေါင်းပါတို့ ပြန်မရောက်မီ အာမလက်လူမျိုးတို့ သည် နေဂပ်ခရိုင်နှင့် ဇိကလတ်မြို့သို့တိုက်ခိုက်၍ တစ်မြို့လုံးလုပ်ကြံမီးရှို့ပြီးလျှင်
2 မြို့ရှိမိန်းမမှစသော အယုတ်၊ အလတ်၊ အမြတ်အပေါင်းတို့ကို တစ်စုံတစ်ယောက်မျှမသတ်ဘဲ သုံ့ဘမ်းသိမ်းသွားနှင့်သတည်း။
3 ဒါဝိဒ်နှင့်အပေါင်းပါတို့ပြန်ရောက်လျှင် မယား၊ သား၊ သမီးတို့သုံ့ဘမ်းပါသွား၍ မြို့လည်း မီးကျွမ်းလောင်ပြီးဖြစ်သည်ကို တွေ့ရသည်နှင့်
4 အားကုန်သည့်တိုင်အောင် အော်ဟစ်ငိုကြွေးကြလေ၏။
5 ဒါဝိဒ်၏မယားနှစ်ယောက်ဖြစ်စေသော ယေဇရေလမြို့သူအဟိနောင်နှင့် ကရမေလအရပ်သား နာဗလ၏ခင်ပွန်းဟောင်းအဘိဂဲလတို့သည် သုံ့ဘမ်းပါသွားလေပြီ။
6 အပေါင်းပါအသီးအသီးတို့သည် ကိုယ့်သားသမီးများအတွက် နစ်နာသောကြောင့် ဒါဝိဒ်ကိုခဲနှင့် ပစ်သတ်ရန် ကြံစည်ကြသဖြင့် ဒါဝိဒ်အလွန်ကျဉ်းမြောင်းခြင်းသို့ ရောက်သော်လည်း ကိုယ့်ဘုရား သခင်ထာဝရဘုရားကို အမှီပြု၍ အားယူလေ၏။
7 ထိုအခါ ဒါဝိဒ်က၊ ဧဖုဒ်ရတနာကို ပေးပါလော့ဟု အဟိမလက်သား ပရောဟိတ်အဗျာသာအား တောင်းဆိုသည့်အတိုင်း အဗျာသာပေးအပ်လျှင်
8 ဤတပ်ကိုလိုက်လံသော်မီပါမည်လောဟု ထာဝရဘုရားအား ဒါဝိဒ်မေးလျှောက်ရာ လိုက်လံ လော့။ မုချမီ၍ ပြန်သိမ်းရလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသည်နှင့်အညီ
9-10 အပေါင်းပါလူခြောက်ရာနှင့်တကွ ဒါဝိဒ်ချီလိုက်၍ ဗေသော်ချောင်းသို့ရောက်သော်၊ ၄င်းချောင်းကိုပင် မကူးနိုင်သည့်တိုင်အောင် မောပန်းသောလူနှစ်ရာကိုထားခဲ့ရ၏။ ထိုသို့ထားခဲ့သော သူတို့ရပ်နားစဉ်၊ ဒါဝိဒ်နှင့်လူလေးရာလိုက်မြဲလိုက်ကြရာ
11-12 အိဂျစ်ပြည်သားတစ်ယောက်ကို လွင်ပြင်တွင် တွေ့ကြုံသဖြင့် ဒါဝိဒ်ထံခေါ်သွင်းကြ၏။ ထိုသူသည် သုံးရက်တိုင်တိုင် မစားမသောက်ရသောကြောင့် စားဖွယ်သောက်ရာကို တိုက်ကျွေးလျက် သဖန်းပြဉ်မုန့်နှင့်စပျစ်သီးခြောက်နှစ်ခိုင်ကိုလည်း ကျွေးပြီးမှ အားပြည့်သောအခါ
13 ဒါဝိဒ်က၊ သင်သည်မည်သူ့လူ၊ မည်သည့်အရပ်သားဖြစ်သနည်းဟုမေးလျှင် ကျွန်တော်သည် အာမလက်လူမျိုးတစ်ယောက်၏အစေခံ၊ အိဂျစ်ပြည်သားလူငယ်ဖြစ်ပါ၏။ မကျန်းမမာသောကြောင့် လွန်ခဲ့သောသုံးရက်တွင် သခင်စွန့်ထားခဲ့ပါပြီ။
14 ကျွန်တော်တို့သည် နေဂပ်ခရိုင်အတွင်း ခေရသိ၊ ယုဒ၊ ကာလက်အမျိုးသားတို့ပိုင်ရာများကို တိုက်ခိုက်၍ ဇိကလတ်မြို့ကိုမီးတိုက်ခဲ့ပါသည်ဟု ေြပာဆိုလျှင်
15 ဒါဝိဒ်က၊ ထိုတပ်ရှိရာသို့ လမ်းပြမည်လောဟု မေးသော်၊ ကျွန်တော်ကိုမသတ်၊ သခင့်ထံသို့ လည်း မအပ်ဟူ၍ ထာဝရဘုရားကိုတိုင်တည်လျက်သစ္စာဆိုမူ တပ်ရှိရာသို့ လမ်းပြပါမည်ဟု ဝန်ခံ ပြီးနောက်
16 လမ်းပြသည့်အတိုင်း ဖိလိတ္တိနယ်၊ ယုဒနယ်များမှ လုယက်ရရှိခဲ့သော အရာများကြောင့် တပ်စခန်းနှံ့ပျော်ပွဲစားသောက်လျက်နေကြသည်ကို တွေ့လျှင်၊
17 နောက်နံနက်မိုးမသောက်မီကစ၍ ညဉ့်ဦးတိုင်အောင်ဒါဝိဒ်လုပ်ကြံရာ၊ ကုလားအုပ်စီးလျက် လက်လွတ်ထွက်ပြေးသောလုလင်ပျိုလေးရာမှတစ်ပါး တစ်ယောက်မျှမထွက်မလွတ်ချေ။
18 ဒါဝိဒ်သည် မယားနှစ်ယောက်နှင့်တကွ အာမလက်လူမျိုးတို့သိမ်းသွားသမျှကို ပြန်ရ၍၊
19 အယုတ်၊ အလတ်၊ အမြတ်၊ သားသမီးမှစသော သိမ်းသွားရာပါနှင့် လက်ရဟူသမျှကို မကြွင်းမကျန်ရလေ၏။
20 ပြန်ရသောသိုး၊ နွားများရှေ့မှ ဒါဝိဒ်သိမ်းစုတိရစ္ဆာန်များကို မောင်းနှင်လျက် ဤအရာများကား ဒါဝိဒ်၏လက်ရဥစ္စာဖြစ်သည်ဟုဆိုကြလေ၏။
21 မောပန်း၍ဒါဝိဒ်နောက်သို့ မလိုက်နိုင်သည့်အတွက် ဗေသော်ချောင်းအနီးထားခဲ့ရသော လူနှစ်ရာရှိရာသို့ပြန်ရောက်သော်၊ ထိုသူတို့သည် ဒါဝိဒ်နှင့်အပေါင်းပါတို့ကို ကြိုဆိုရန်ထွက်လာကြ သဖြင့် အနီးသို့ရောက်သည်နှင့် ဒါဝိဒ်နှုတ်ဆက်သောအခါ
22 ဒါဝိဒ်နှင့်လိုက်ပါသူတို့အနက် တရားမဲ့သောလူဆိုးတို့က ဤသူတို့သည် ငါတို့နှင့်မလိုက်မပါ သောကြောင့် ငါတို့လက်ရဥစ္စာများကို မဝေမပေးဘဲ ကိုယ်သားမယားကိုသာ ခေါ်ယူထွက်သွားကြ စေဟု ဆိုကြရာ
23 ဒါဝိဒ်က၊ အိုညီအစ်ကိုတို့ ငါတို့ကိုစောင့်ရှောက်၍ ရန်ဘက်တပ်ကို ငါတို့လက်တွင်သို့အပ်နှင်း တော်မူသော ထာဝရဘုရားထံမှ ရရှိသည့်အရာများနှင့်စပ်လျဉ်း၍ ထိုသို့သဘောမထားသင့်။
24 ဤအမှု၌ သင်တို့စကားကို မည်သူနာယူမည်နည်း။ အတိုက်သွားသူနှင့်အမျှ စားခန်းစောင့် လည်းရထိုက်ပေ၏။ နှစ်ဦးလုံးပင်အညီအမျှ ရကြစေဟု စီရင်သည့်အတိုင်း
25 ထိုနေ့မှစ၍ ယခုတိုင် ဣသရေလလူမျိုး၌ ထုံးဖွဲ့ဆုံးဖြတ်ချက်အဖြစ် စီရင်သတည်း။
26-31 ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ပြန်ရောက်လျှင် အပေါင်းပါတို့နှင့် သွားလာတည်းခိုခဲ့ရာ အရပ် ဌာနတည်းဟူသော ဗေသလ၊ နေဂပ်ခရိုင်ရှိရာမုတ်၊ ရတ္တိ၊ အာရော်၊ ရှိဖမုတ်၊ ဧရှတမော၊ ရာခလ၊ ဟောမာ၊ ခေါရာရှန်၊ အာသက်၊ ဟေဗြုန်မြို့များနှင့် ယေရမေလ၊ ကေနိအမျိုးသားတို့နေရာမြို့ရွာများ ၌ နေထိုင်သူအဆွေခင်ပွန်း ယုဒလူကြီးတို့ထံ လက်ရာဥစ္စာအနက် ခွဲဝေပို့လိုက်၍ ထာဝရဘုရား၏ ရန်သူတို့မှ သုံ့ရသောလက်ဆောင်ကို ခံယူပါလော့ဟု ဆိုလိုက်သတည်း။