27
1 ထိုနောက် ဒါဝိဒ်က၊ ငါသည်ရှောလုမင်းလက်ဖြင့် တစ်နေ့နေ့ပျက်စီးရလိမ့်မည်။ ဖိလိတ္တိပြည်သို့ ပြေးခိုရသည့်ထက် ကောင်းသောအရာမရှိတော့ပြီ။ ရှောလုမင်းလည်း ဣသရေလနိုင်ငံလုံးတွင် ဆက်လက်လိုက်ရှာရန် စိတ်လျော့မည်ဖြစ်၍ သူ့လက်တွင်းမှငါလွတ်ကင်းလိမ့်မည်ဟု ကြံစည်သည့် အတိုင်း
2 ဒါဝိဒ်သည် အပေါင်းပါလူခြောက်ရာတို့နှင့်တကွ ဂါသဘုရင်၊ မောခသားအာခိတ်မင်းထံ ကူးဝင်ကြပြီးလျှင်၊ မယားနှစ်ယောက်ဖြစ်သော
3 ယေဇရေလမြို့သူအဟိနောင်၊ နာဗလခင်ပွန်းဟောင်း ကရမေလအရပ်သူအဘိဂဲလတို့ပြင်၊ နောက်ပါသူမှစ၍ အသီးအသီးတို့သားမယားများပါ အာခိတ်မင်းစံနေရာဂါသမြို့တွင် နေထိုင်ကြလေ၏။
4 ရှောလုမင်းသည် ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသောသတင်းကိုကြားလျှင်၊ နောက်တစ်ဖန်မလိုက် မရှာဘဲနေလေ၏။
5 ထိုနောက် အာခိတ်မင်းအား ဒါဝိဒ်က၊ ကျွန်တော်သည် ရှေ့တော်တွင်မျက်နှာသာရပါမူ၊ ကျေး လက်မြို့တစ်မြို့၌ နေထိုင်ခွင့်ပြုတော်မူပါ။ ကိုယ်တော်နှင့်အတူ မြို့တော်အတွင်း ကျွန်တော်မျိုးမနေ ထိုက်ပါဟု တင်လျှောက်သည့်အတိုင်း
6 ထိုနေ့တွင်ပင် ဇိကလတ်မြို့ကို အာခိတ်မင်းပေးအပ်သဖြင့်၊ ထိုမြို့သည် ယခုတိုင်ယုဒဘုရင် တို့ပိုင်ဖြစ်သတည်း။
7 ဒါဝိဒ်သည် ဖိလိတ္တိပြည်၌နေထိုင်သော ပရိစ္ဆေဒ၊ တစ်နှစ်နှင့်လေးလအတွင်း
8 အပေါင်းပါတို့နှင့်တကွ ချီသွား၍ အိဂျစ်ပြည်အနီး၊ ရှုရမြို့နှင့်တေလံမြို့ကြား အရပ်ရပ်တွင် နေထိုင်ကြသူ ဂေရှုရ၊ ဂေဇာ၊ အာမလက်အမျိုးသားတို့ကို တိုက်ခိုက်လျက်
9 ထိုနယ်တွင် ယောက်ျားမိန်းမတို့ကို အရှင်မထားဘဲလုပ်ကြံ၍ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်များနှင့် အဝတ်တန်ဆာများကို သိမ်းယူပြီးလျှင် အာခိတ်မင်းထံပြန်ရောက်လေ၏။
10 အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်မှ တိုက်ခိုက်ပြန်လာကြသနည်းဟု မေးသော်၊ ဒါဝိဒ်က၊ နေဂပ်ခရိုင်အတွင်းယုဒ၊ ယေရမေလ၊ ကေနိအမျိုးသားတို့ပိုင်ရာများကို တိုက်ခိုက်ကြပါသည်ဟု တင်လျှောက်၏။
11 ထိုသို့ဒါဝိဒ်ပြုကြောင်းနှင့် ဖိလိတ္တိပြည်တွင် နေထိုင်သမျှကာလပတ်လုံး ထိုသို့ပင်ပြုလေ့ရှိ ကြောင်းကို သတင်းပေးမည့်စိုးရိမ်သည့်အတွက် ဒါဝိဒ်သည် ဂါသမြို့သို့အသုံ့အဘမ်းအဖြစ် ယောက်ျားမိန်းမတစ်ဦးတစ်ယောက်မျှ အရှင်မထားသည်နှင့်အညီ
12 အာခိတ်မင်းက၊ ဒါဝိဒ်သည် ကိုယ့်အမျိုးသားဖြစ်သော ဣသရေလူမျိုးတို့ စက်ဆုပ်ရွံရှာဖွယ် ပြုလေပြီ။ ထိုကြောင့် ငါ့ထံအစဉ်ကျွန်ခံလိမ့်မည်ဟု အောက်မေ့လျက်၊ ဒါဝိဒ်ကိုယုံကြည်လေ၏။