22
ဒါဝိဒ်သည် ထိုမြို့မှပြေးပြန်၍ အဒုလံဥမင်သို့ဘေးလွတ်စွာရောက်ကြောင်း အစ်ကိုတို့နှင့် ဆွေမျိုးသားချင်းအပေါင်းတို့ကြားသော်၊ သူ့ထံသို့သွားကြသည့်ပြင် အမှုရှိသူ၊ ကြွေးများသူ၊ စိတ်မရောင့်ရဲသူဟူသမျှတို့လည်း စုရုံးဝင် ရောက်ကြသဖြင့် လူလေးရာခန့်အပေါ်တွင် ဒါဝိဒ်အကြီးအကဲလုပ်လေ၏။ ထိုအရပ်မှ မောဘပြည်၊ မိဇပါမြို့သို့ သွားရောက်ပြီးလျှင် မောဘဘုရင်အား ကျွန်တော်၌ ဘုရားသခင်မည်သို့စီမံတော်မူမည်ကို မသိမီအတွင်း အရှင့်ထံမိဘတို့ခိုကိုးခွင့်ပြုတော်မူပါဟု တင်လျှောက်အပ်ထားသည့်အတိုင်း ခိုင်လုံသောဥမင်၌ ဒါဝိဒ်အောင်းနေသမျှကာလပတ်လုံး မောဘဘုရင်ထံ မိဘတို့နေရကြ၏။ ထိုနောက် ပရောဖက်ဂဒ်က၊ ခိုင်လုံသောဤဥမင်၌ မနေပါလင့်။ ယုဒနယ်အရောက်သွားလော့ ဟုမိန့်ဆိုသည်နှင့် ဒါဝိဒ်သည် ဟာရက်တောတိုင်သွားရောက်သတည်း။
ထိုအခါ ရှောလုမင်းသည် ဂိဗာ-မြို့အနီး၊ ကုန်းပေါ်ရှိမန်ကျည်းပင်အရိပ်တွင် ကျေးကျွန်သင်း ပင်းတို့ခြံရံလျက် လှံတော်ကိုင်၍ စံနေစဉ် အပေါင်းပါတို့နှင့်တကွ ဒါဝိဒ်ပေါ်ပေါက်ကြောင်းကြား သိလျှင် အခြံအရံတို့အား အိုဗင်္ယာမိန့်အနွယ်သားတို့ နားထောင်ကြလော့။ ယေရှဲ၏သားသည် သင်တို့ အားလယ်ယာများ၊ စပျစ်ခြံများကို ပေးသည့်ပြင်၊ ထောင်တပ်မှူး၊ ရာတပ်မှူး ခန့်ထားလိမ့်မည်ဟု မြော်လင့်၍ ငါ့တစ်ဘက်၌သင်တို့ရှိသမျှ သင်းဖွဲ့ကြပြီလော။ ယေရှဲ၏သားနှင့်သားတော်မိတ်ဖွဲ့ကြောင်း၊ ယနေ့သတင်းအတိုင်း ငါ့ကျွန်တိတ်တဆိတ်တော် လှန်စေရန် သားတော်အားပေးကြောင်းများကို ဖော်ပြသူ၊ ငါ့အားကြင်နာသူတစ်ဦးတစ်ယောက်မျှ မရှိ တော့ပြီမဟုတ်လောဟုဆိုရာ ရှောလုမင်း၏ကျေးကျွန်အခြံအရံတို့အပါ ဧဒုံအမျိုးသားဒေါဂက၊ ယေရှဲ၏သားသည် နောဗမြို့ နေအဟိတုပ်သား အဟိမလက်ထံရောက်ကြောင်းကိုလည်းကောင်း၊ 10 အဟိမလက်သည် သူ့အတွက်ထာဝရဘုရားထံ မေးလျှောက်ပြီးလျှင် စားနပ်ရိက္ခာနှင့်တကွ ဖိလိတ္တိသူရဲဂေါလျတ်၏ဓားပါ ပေးလိုက်ကြောင်းကိုလည်းကောင်း၊ ကျွန်တော်မြင်ခဲ့ပါသည်ဟု တင်လျှောက် သော် 11 ဘုရင်မင်းခေါ်စေသည့်အတိုင်း အဟိတုပ်သား ပရောဟိတ်အဟိမလက်နှင့် နောဗမြို့နေ ပရောဟိတ်ဖြစ်သောဆွေမျိုးသားချင်းအပေါင်းတို့ပါ အထံတော်သို့ရောက်လာကြ၏။ 12 ရှောလုမင်းက၊ အိုအဟိတုပ်၏သား၊ နားထောင်လော့ဟုဆိုလျှင် နာခံပါသည် အရှင်ဟု အဟိမလက်ဝန်ခံသော်၊ 13 ရှောလုမင်းက၊ သင်သည်ယေရှဲ၏သားအား စားနပ်ရိက္ခာနှင့်ထားလက်နက်ကိုပေးပြီးလျှင် သူ့အတွက် ဘုရားသခင်ထံမေးလျှောက်၍ ယနေ့သတင်းအတိုင်း တိတ်တဆိတ်တော်လှန်စေရန် ထိုသူနှင့်အဘယ်ကြောင့် သင်းဖွဲ့သနည်းဟု မေးရာ 14 အဟိမလက်က၊ ဘုရင်မင်း၏ကျေးကျွန်အပေါင်းတို့တွင် နန်းတော်အတွင်း အသရေရှိသော သမက်တော်၊ ကိုယ်ရံတော်မှူး ဒါဝိဒ်ကဲ့သို့ သစ္စာ စောင့်သူသည်မည်သူနည်း။ 15 သူ့အတွက် ဘုရားသခင်ထံမေးလျှောက်သည်ကား ယခုပင်အစပြု၍ မေးလျှောက်သည်မဟုတ် ပါ။ ကျွန်တော်မှစ၍ ဆွေမျိုးသားချင်းတို့အပေါ်မှာ ဘုရင်မင်းအပြစ်တင်တော်မမူပါလင့်။ ဤအမှုနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာမျှကျွန်တော်မသိပါဟု ချေပရာတွင် 16 ဘုရင်မင်းက၊ အိုအဟိမလက်၊ သင်မှစ၍ ဆွေမျိုးသားချင်းတို့ပါ မုချသေဒဏ်ခံရမည်ဟု မိန့်ဆို ပြီးလျှင် 17 ခြံရံလျက်ရှိသော ရှေ့တော်ပြေးတို့အား ထာဝရဘုရား၏ ပရောဟိတ်တို့သည် ဒါဝိဒ်ဘက်ပါဖြစ်သောကြောင့်လည်းကောင်း၊ ဒါဝိဒ်ထွက်ပြေးသည်ကိုသိလျက် ငါ့အားမေဖာ်မပြသောကြောင့် လည်းကောင်း၊ လှည့်၍သတ်ကြလော့ဟု အမိန့်ထုတ်ဆင့်သော်လည်း ကျေးကျွန်သင်းပင်းတို့သည် ထာဝရဘုရား၏ပရောဟိတ်တို့ကို ကွပ်မျက်ရန် လက်မျှမဆန့်ဝံ့ကြချေ။ 18 သို့ဖြစ်၍ ဒေါဂအား ဘုရင်မင်းက သင်လှည့်၍ပရောဟိတ်တို့ကို ကွပ်မျက်လော့ဟု အမိန့်ထုတ် ဆင့်သည့်အတိုင်း ဧဒုံအမျိုးသား ဒေါဂလှည့်၍ ပိတ်ကိုယ်ဝတ်သင်္ကန်းဝတ်ရုံသော ပရောဟိတ်ရှစ် ဆယ့်ငါးပါးတို့ကို ထိုနေ့ချင်းတွင် ကွပ်မျက်သတ်ဖြတ်ပြီးလျှင် 19 ၎င်းတို့ဝတ္ထုကံဖြစ်သော နောဗမြို့ကိုလည်း ဖျက်ပယ်လျက် ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးများပါ ဓားဖြင့်သုတ်သင်လေ၏။ 20 အဟိတုပ်မြေး၊ အဟိမလက်သားတို့အနက်၊ အဖျာသာသည် ဒါဝိဒ်ရှိရာသို့ လက်လွတ်ထွက် ပြေးပြီးလျှင် 21 ထာဝရဘုရား၏ ပရောဟိတ်တို့ကို ရှောလုမင်းစီရင်ကြောင်း ကြားပြောသောအခါ 22 ဒါဝိဒ်က၊ ထိုနေ့တွင် ဧဒုံအမျိုးသား ဒေါဂရှိသည်ကိုထောက်၍ ရှောလုမင်းထံေဖာ်ပြမည်ကို ငါသိ၏။ သင့်ဆွေမျိုးသားချင်းအပေါင်းတို့ခံရသော သေပြစ်သည် ငါ့အပေါ်တွင်ရှိလေစွတကား။ 23 ငါနှင့်အတူနေလော့။ မကြောက်လင့်။ သင့်အသက်အန္တရာယ်ကို ရှာကြံသောသူသည် ငါ့အသက်အန္တရာယ်ကိုရှာကြံသည်မည်၏။ ငါနှင့်အတူနေမူ လုံခြုံလိမ့်မည်ဟု အဗျာသာအားဆို၏။