21
1 ဒါဝိဒ်သည် ပရောဟိတ်အဟိမလက်ရှိရာ နောဗမြို့သို့ရောက်သော် အဟိမလက်တုန်လှုပ်လျက် ခရီးဦးကြိုပြုပြီးလျှင် အခြွေအရံကင်း၍ တစ်ပါးတည်းရောက်လာသည်ကား၊ အသို့ပါနည်းဟုမေးရာ
2 ဒါဝိဒ်က၊ ငါစေလွှတ်မိန့်မှာသောအရေးကို မည်သူ့အားမျှ မဖော်မပြရဟူသောအမိန့်တော်နှင့် ဘုရင်မင်းသည် အရေးကုန်လွှဲအပ်တော်မူသည့်အတိုင်း ငယ်သားတို့ကိုချိန်းချက်သောအရပ်သို့ ကျွန်တော်လွှတ်ထားခဲ့လေပြီ။
3 ကိုယ်တော်မှာ ယခုမည်သည့်အစာရှိပါသနည်း။ မုန့်ငါးလုံးပေးတော်မူပါ။ မရှိလျှင် တစ်စုံတစ်ခု ကိုပေးပါဟု တောင်းသည့်ကာလ၊ ငါမှာသီးသန့်ထားသောမုန့်မှတစ်ပါး အခြားမုန့်မရှိ။
4 နောက်ပါငယ်သားတို့သည် မာတုဂါမနှင့်ကင်းကြ၏လောဟု ဒါဝိဒ်အား ပရောဟိတ်မေးမြန်း သောအခါ
5 ဒါဝိဒ်က၊ ယခုသာမညခရီးဖြစ်သော်လည်း ကျွန်တော်ယမန်ချီထွက်ရသည့်နည်းတူ မာတုဂါ မနှင့်ကင်းလွတ်ကြပါ၏။ ငယ်သားတို့အသုံးအဆောင်များပါ သီးသန့်ပြီးဖြစ်၍ ယနေ့တွင် မုချ သီးသန့်လျက်ရှိပါသည်ဟု ဝန်ခံသည့်အတိုင်း
6 ပရောဟိတ်သည် မုန့်ဟောင်းကိုပယ်၍ အသစ်ထားသောနေ့တွင် ထာဝရဘုရားအထံတော်မှ စွန့်ခဲ့သောရှေ့တော်တင်မုန့်မှတစ်ပါး၊ အခြားမရှိသောကြောင့် ထိုသီးသန့်ထားသောမုန့်ကိုပင် ပေးလေ၏။
7 ထိုနေ့၌ ရှောလုမင်း၏ကျေးကျွန်တို့အဝင်၊ ဧဒုံအမျိုးသားဒေါဂအမည်ရှိသူ သိုးတော်အုပ်သည် ထာဝရဘုရားရှေ့တော်တွင် ဝတ်ပြုနေရသတည်း။
8 အဟိမလက်အား ဒါဝိဒ်က အရေးတော်ကုန်ရန် အမြန်လာရသောကြောင့် ကျွန်တော်၌ ဓားစသည့်လက်နက်တစ်စုံတစ်ခုမျှမပါ။ ကိုယ်တော်မှာ ဓားလှံရှိပါသလောဟု မေးသော်
9 ပရောဟိတ်က၊ ဧလာချိုင့်၌သင်လုပ်ကြံခဲ့သော ဖိလိတ္တိသူရဲဂေါလျတ်၏ဓားသည် ဧဖုဒ်ရတနာနောက်တွင် အဝတ်နှင့်ပတ်လျက်ရှိ၏။ အလိုရှိမူ ယူလေလော့။ အခြားဓားမရှိဟုဆိုလျှင်၊ ထိုဓားကား အတုမဲ့ဓားဖြစ်သည်။ ပေးပါလော့ဟု ဒါဝိဒ်ဆို၏။
10 ဒါဝိဒ်သည် ရှောလုမင်းကို ကြောက်ရွံ့၍ ထိုနေ့တွင်ပင်ထပြီးလျှင် ဂါသဘုရင်အာခိတ်မင်းထံ ပြေးသွားခိုဝင်ရာ၊
11 အာခိတ်မင်း၏ကျေးကျွန်သင်းပင်းတို့က ဤသူသည် ဣသရေလဘုရင်ဒါဝိဒ်မင်းဖြစ်သည် မဟုတ်လော။ ထိုသူ့ကိုရည်သဖြင့် ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း လုပ်ကြံလေ ပြီတကားဟူ၍ ကခုန်လျက်တဘောင်ဖွဲ့ဆိုကြသည်မဟုတ်လောဟု အာခိတ်မင်းအား တင်လျှောက် ကြလေ၏။
12 ထိုစကားကို ဒါဝိဒ်နှလုံးသွင်း၍ ဂါသဘုရင်အာခိတ်မင်းအား အလွန်ကြောက်ရွံ့ပြန်သော ကြောင့်
13 ၎င်းတို့ရှေ့တွင် အမူဟန်ပန်ပြောင်း၍ တံခါးရွက်ပေါ်တွင်ခြစ်လျက် မုတ်ဆိတ်ပေါ်မှာ သွား ရည်ကျလျက် အရူးသဏ္ဌာန်နေလေ၏။
14 အာခိတ်မင်းက ကြည့်လော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ရှေ့တော်သို့သွင်းကြ သနည်း။
15 အရူးများကို ငါအလိုရှိသည်ထင်သောကြောင့် ရှေ့တော်တွင် အရူးကိုပြခြင်းငှါ သွင်းကြ သလော။ နန်းတွင်းသို့မသွင်းအပ်ဟု ကျေးကျွန်သင်းပင်းတို့အား မိန့်ဆိုလေ၏။