18
ထိုသို့တင်လျှောက်ပြီးနောက် သားတော်ယောနသန်သည် ဒါဝိဒ်နှင့်တစ်စိတ်တည်းဖြစ်သည့် အတိုင်း အသက်တမျှချစ်လေ၏။ ရှောလုမင်းလည်း ထိုနေ့တွင်ပင် အပါးတော်မြဲစေ၍ အဘအိမ်သို့ပြန်သွားခွင့်မပေးချေ။ အသက်တမျှချစ်သောကြောင့် ယောနသန်သည် ဒါဝိဒ်နှင့်သစ္စာမိတ်ဖွဲ့လျက် ဒါဝိဒ်အား၊ ဓား၊ လေး၊ ခါးစည်းမှစသော ချပ်တန်ဆာအစုံနှင့်၊ ဝတ်လုံကိုပင်၊ ချွတ်ပေးလေ၏။ ရှောလုမင်းခိုင်းစေလေရာရာ၌ ဒါဝိဒ်ပြီးမြောက်သည့်အတိုင်း စစ်ဗိုလ်မှူးခန့်ထားသော်၊ ရှောလုမင်း၏ ကျေးကျွန်သင်းပင်းနှင့်တကွ ပြည်သူပြည်သားအပေါင်းတို့ပါ ကြိုက်ညီကြ၏။ ဖိလိတ္တိသူရဲကိုလုပ်ကြံပြီးမှ တပ်တော်နှင့်တကွ ဒါဝိဒ်ပြန်လာရာ ရှောလုမင်းကို ကြိုဆိုရန် မိန်းမတို့သည် ဣသရေလမြို့ရွာတိုင်းထွက်လာ၍ စောင်းပတ်သာတီးလျက်၊ ကခုန်လျက်၊ ဝမ်းမြောက်ဝမ်းသာသီချင်းဆိုကြသည်မှာ ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းလုပ်ကြံလေပြီတကားဟု ရွှင်လန်းစွာဖွဲ့ဆိုကြ သတည်း။ ထိုတဘောင်ကို ရှောလုမင်းမနှစ်သက်သည်နှင့် ဒါဝိဒ်ကိုအသောင်းသောင်း၊ ငါ့ကိုအထောင် ထောင်ဟူ၍သာ ထောမနာပြုကြသောကြောင့်၊ နိုင်ငံတော်မှတစ်ပါး မည်သည့်အရာကျန်သေးသနည်း ဟုဆိုလျက် ဒေါသအမျက်ခြောင်းခြောင်းထသဖြင့် ထိုနေ့မှစ၍ ဒါဝိဒ်ကို မျက်စောင်းညိတ်လေ၏။
10 နောက်နေ့၌ ဘုရားသခင့်အထံတော်မှ နတ်ဆိုးသည် ရှောလုမင်းအပေါ်သို့ အဆောတလျင် ကပ်ရောက်သည်နှင့် နန်းရင်ပြင်တွင် လှံတော်ကို ကိုင်လျက် ချောက်ချားရွတ်ဆိုရာ ဒါဝိဒ်တီးရ မြဲတီးလျှင် 11 ရှောလုမင်းက၊ ဒါဝိဒ်ကိုနန်းနံရံနှင့် ကပ်အောင် ထိုးသတ်မည်ဟုကြံစည်၍ လှံတော်လွှတ်လိုက် ရာ၊ နှစ်ကြိမ်မြောက်ဒါဝိဒ်တိမ်းရှောင်ရလေ၏။ 12 ကိုယ်မှထာဝရဘုရားခွာ၍ ဒါဝိဒ်နှင့်အတူရှိတော်မူသောကြောင့် 13 ဒါဝိဒ်ကိုကြောက်ရွံ့သဖြင့် အပါးတော်မှရွှေ့ပြောင်း၍ ထောင်တပ်မှူးရာထူးကိုခန့်ထားလေ၏။ ဒါဝိဒ်လည်းစစ်သားတို့ရှေ့တွင် သွားလာဆောင်ရွက်ရလေ၏။ 14 ဒါဝိဒ်ပြုလေရာရာ၌ ထာဝရဘုရားပါရှိတော်မူသည်ဖြစ်၍ ပြီးမြောက်လေသတည်း။ 15 ဤသို့ပြီးမြောက်ကြောင်း ရှောလုမင်းသိမြင်သော်၊ ခန့်ညားလေ၏။ 16 ဣသ​ရေလနှင့်ယုဒတစ်မျိုးလုံးမူကား ကိုယ့်ရှေ့တွင် သွားလာဆောင်ရွက်သောဒါဝိဒ်ကို ချစ်ခင်ကြကုန်၏။
17 ထိုနောက် ရှောလုမင်းက၊ ဒါဝိဒ်အပေါ်တွင် ငါ့လက်ကိုမရောက်စေဘဲ ဖိလိတ္တိလက်သင့်ရောက်ပါစေဟု အေကာက်ကြံလျက် ဒါဝိဒ်ကား၊ သင်သည်ထာဝရဘုရား၏ စစ်မှုကိုငါ့အတွက် ရဲရင့်စွာထမ်းဆောင်လျှင် သမီးတော် အကြီးမေရပ်နှင့်ထိမ်းမြားမည်ဟုမိန့်ဆိုသော်၊ 18 ဒါဝိဒ်က၊ ကျွန်တော်သည် သမက်တော်ဖြစ်ရန် ဣသရေလနိုင်ငံတွင် အခြေအနေနှင့်ေဆွသားချင်းတို့ကား မည်သို့ပါနည်းဟု ပြန်လျှောက်လေ၏။ 19 သို့ရာတွင် ရှောလုမင်းသည် သမီးတော်မေရပ်ကို ဒါဝိဒ်အား ထိမ်းမြားရန် အချိန်ရောက်လျှင် မဟောလမြို့သား အဒြေလနှင့်ထိမ်းမြားလေ၏။
20 ထိုနောက် ဒါဝိဒ်ကိုသမီးတော်မိခါလစုံမက်သည့်အကြောင်း ရှောလုမင်းကြားသိရာ အားရဝမ်းမြောက်လျက် 21 ဒါဝိဒ်အပေါ်သို့ ဖိလိတ္တိလက်ရောက်စေရန် ကျော့ကွင်းသဖွယ်သမီးတော်နှင့်ထိမ်းမြားမည်ဟု အကောက်ကြံ ပြန်၍ ဒါဝိဒ်အား သင်သည်ယခုတစ်ဖန်မှ သမက်တော်ဖြစ်ရလိမ့်မည်ဟု မိန့်ဆိုပြီးနောက် 22 ကျေးကျွန်သင်းပင်းတို့အား ဒါဝိဒ်ကိုတိတ်တဆိတ်တိုက်တွန်းကြရမည်မှာ ဘုရင်မင်းသည် သင့်ကိုမြတ်နိုး၏။ ကျေးကျွန်သင်းပင်းတို့လည်း ချစ်ခင်ကြ၏။ သမက်တော်လုပ်ပါဟူ၍ တိုက်တွန်းရန် မိန့်ဆိုသည့်အတိုင်း 23 ကျေးကျွန်သင်းပင်းတို့သည် ဒါဝိဒ်အား တီးတိုးစကားဖြင့် တိုက်တွန်းကြရာ ဒါဝိဒ်က ကျွန်တော်သည် သိမ်ငယ်သော ဆင်းရဲသားဖြစ်လျက် ဘုရင်မင်း၏သမက်တော်ဖြစ်ရမည်မှာ အသေးအနုပ်ထင်ကြသလောဟု ပြန်ပြောသော် 24 ထိုသို့သောစကားကို ဒါဝိဒ်ပြောပါသည်ဟု ရှောလုမင်းအား ကျေးကျွန်သင်းပင်းတို့တင်လျှောက်ကြ၏။ 25 ဖိလိတ္တိလက်ဖြင့် ဒါဝိဒ်သေစေရန် အကောက်ဉာဏ်နှင့် ရှောလုမင်းက၊ ဒါဝိဒ်အားပြောကြရဦးမည်မှာ ရန်သူတို့ အပေါ်တွင် လက်စားချေခြင်းအဖြစ် ဖိလိတ္တိလူမျိုးတို့အရေဖျားတစ်ရာမှတစ်ပါး အခြားကန်တော့လက်ဆောင်ကို ဘုရင်မင်း လိုတော်မမူဟူ၍ ပြောဆိုရမိန့်မှာလေ၏။ 26 ထိုသို့သော အမိန့်တော်ကို ကျေးကျွန်သင်းပင်းတို့ ပြန်ကြားကြရာ ဒါဝိဒ်သည် သမက်တော်အဖြစ်ကို လိုလား၍ ချိန်းချက်သောအချိန်မတိုင်မီ 27 လက်အောက်ရှိစစ်သားတို့ပါချီထွက်လျက် ဖိလိတ္တိလူနှစ်ရာကိုလုပ်ကြံပြီးမှ အရေဖျားဥဿုံကို သမက်တော်ဖြစ်ရန် ဘုရင်မင်းထံဆက်သွင်းကန်တော့လျှင် ဘုရင်မင်းလည်း သမီးတော်မိခါလနှင့် ဆောင်နှင်းလေ၏။ 28 ဒါဝိဒ်နှင့်အတူ ထာဝရဘုရားရှိတော်မူကြောင်းကိုလည်းကောင်း၊ သမီးတော်မိခါလချစ်ခင်ကြောင်းကိုလည်းကောင်း၊ သိမြင်သဖြင့် 29 ရှောလုမင်းသည် အတိုင်းထက်အလွန်ကြောက်ရွံ့၍ အစဉ်ရန်ငြိုးဖွဲ့သတည်း။
30 ထိုမှတစ်ပါး ဖိလိတ္တိတပ်ဗိုလ်တို့ ချီထွက်လေ့ရှိ၏။ ချီထွက်လေရာရာ၌ ဒါဝိဒ်သည် ရှောလုမင်း၏ကျေးကျွန်အပေါင်း တို့ထက် အောင်မြင်ပြီးမြောက်သဖြင့် အမည်ကျော်စောလေ၏။