17
ထိုနောက်စစ်တိုက်ရန် ယုဒနယ်၊ စောခေါမြို့တွင် ဖိလိတ္တိအလုံးအရင်းတို့ စုရုံးစည်းဝေးပြီးလျှင် ၎င်းမြို့နှင့်အဇေကာမြို့ကြား၊ ဧဖက်ဒမ္မိမ်အရပ်၌ စွဲရပ်ကြ၏။ ရှောလုမင်းနှင့် ဣသရေလရဲမက်တို့လည်း စုရုံး၍၊ ဧလာချိုင့်တွင်စွဲရပ်ပြီးလျှင် ဖိလိတ္တိတပ်ကို ဆီးဆို့ရန်စီစဉ်ခင်းကျင်းကြ၏။ ဖိလိတ္တိတပ်သည် ချိုင့်တစ်ဖက်တောင်ပေါ်တွင်လည်းကောင်း၊ ဣသရေလတပ်သည် ချိုင့်တစ်ဘက်တောင် ပေါ်တွင်လည်းကောင်း၊ ရပ်တန့်ကြသတည်း။ ဖိလိတ္တိအလုံးအရင်းထဲမှ ထွက်လာတတ်သော ဂါသမြို့သား၊ စီးချင်းထိုးသူရဲ၊ အရပ်ခြောက် တောင့်ထွာမြင့်သူဂေါလျတ်သည် ကြေးမောက်ရူကိုဆောင်းလျက် ခွက်ငါးဆယ်စီးကြေးရင်အုပ်ကိုဆင်ယင်လျက် ကြေးခြေပတ်ကို ပတ်လျက် ကြေးဖြင့်ပြီးသော ပစ်လှံကိုပိုးလွယ်လျက်ရှိ၏။ ထိုလှံကား သံချိန်ခြောက်ပိဿာစီးသောအသွား၊ ရက်ကန်းလက်လိပ်နှင့်အမျှ အရိုးရှိသတည်း။ ဒိုင်းလွှားကိုင်တစ်ယောက်လည်း သူ့ရှေ့ကသွားရ၏။ ထိုသူရဲသည် ရပ်လျက် အဘယ်ကြောင့် စစ်ချီ၍ခင်းကျင်းလိုကြသနည်း။ ငါသည် ဖိလိတ္တိလူမျိုး သင်တို့ကား ရှောလု၏ကျွန်ဖြစ်ကြသည်မဟုတ်လော။ သူရဲတစ်ယောက်ကိုရွေးကောက်၍ ငါနှင့်စီး ချင်းထိုးရန်ဆင်းလာပါစေ။ ငါ့ကိုအောင်၍သတ်နိုင်လျှင် ငါတို့ကျွန်ခံမည်။ ငါအောင်၍သတ်နိုင်မူ သင်တို့ကျွန်ခံလျက် ငါတို့ အမှုကို ဆောင်ရွက်ကြရမည်ဟု ဣသရေလဗိုလ်ထုအား ကြွေးကြော်လေ၏။ 10 တစ်ဖန်တုံ၊ ငါသည်ဣသရေလဗိုလ်ထုကို မထီလေးစားပြု၏။ စီးချင်းထိုးမည့်သူတစ်ယောက်ကို ထုတ်ပေးလော့ဟူ၍ 11 ဖိလိတ္တိသူရဲကြွေးကြော်သောစကားကို ရှောလုမင်းနှင့်ဣသရေလတစ်မျိုးလုံးကြားလျှင် အလွန် ထိတ်လန့်ကြောက်ရွံ့ကြကုန်၏။
12 ယုဒနယ်၊ ဧဖရတ်ခရိုင်၊ ဗက်လင်မြို့သားဖြစ်သောဒါဝိဒ်၏အဘ ယေရှဲ၌ သားရှစ်ယောက်ရှိ ၏။ ထိုသူသည် ရှောလုမင်းလက်ထက် အသက်ကြီး၍ အိုမင်းသူဖြစ်သတည်း။ 13 ယေရှဲ၏သားတို့အနက် သားကြီးသုံးယောက်တို့သည် ရှောလုမင်းနောက်က စစ်တိုက်ရန် လိုက်ပါကြ၏။ စစ်တိုက်ရာပါသူတို့အမည်များကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတို့တည်း။ 14 ရှောလုမင်းနောက်တော်သို့ ထိုသားကြီးသုံးယောက်တို့လိုက်ပါကြရာ၊ 15 သားထွေးဒါဝိဒ်သည် ရှောလုမင်းထံသို့လည်းကောင်း၊ အဘသိုးများကိုထိန်းကျောင်းရန်ဗက်လင်မြို့သို့ လည်းကောင်း၊ သွားတုံပြန်တုံပြုလေ့ရှိ၏။ 16 ဖိလိတ္တိသူရဲသည် ရက်ပေါင်းလေးဆယ်တိုင်တိုင်၊ နံနက်တစ်ကြိမ်၊ ညဉ့်ဦးတစ်ကြိမ်၊ ချဉ်းကပ်၍ ရပ်လေ၏။
17-19 ထိုကာလရှောလုမင်းမှစ၍ ဣသရေလရဲမက်အပေါင်းတို့နှင့် ဒါဝိဒ်အစ်ကိုတို့ပါ ဧလာချိုင့် တွင် ဖိလိတ္တိတပ်ကိုစစ်တိုက်လျက်ရှိနေကြရာ သားဒါဝိဒ်အား ယေရှဲက၊ အစ်ကိုတို့အဖို့ ဤမုန့်ဆန်းတစ်တင်းနှင့် မုန့်ဆယ်လုံးကို သူတို့ရှိရာတပ်တော်သို့ အမြန်ယူသွားလော့။ ဤဒိန်ခဲဆယ်လုံးကိုကား သူတို့ထောင်တပ်မှူးထံ ဆက်သွင်းလော့။ သင့်အစ်ကိုတို့အနေအထိုင်ကို လည်း ရှုကြည့်ပြီးမှ ကျန်းမာခြင်းသက်သေတစ်စုံတစ်ခုကို ယူခဲ့လော့ဟု မှာလိုက်သည့်အတိုင်း ဒါဝိဒ်သည် နံနက်အချိန်ထ၍ 20 သိုးများကို ကျောင်းသူ့ထံအပ်ပြီးလျှင် အဘပေးလိုက်သမျှကို ဆောင်သွားရာ စစ်တိုက်ရန် ဗိုလ်ထုကြွေးကြော်လျက် ထွက်သွားသည့်အခိုက် ခံကတုတ်သို့ရောက်လေ၏။ 21 ဣသရေလတပ်နှင့် ဖိလိတ္တိတပ်သည် ရင်ဆိုင်ခင်းကျင်းလျက် ရှိနှင့်သတည်း။ 22 ဒါဝိဒ်သည် ပါသောရိက္ခာကို စခန်းစောင့်ထံအပ်ပြီးမှ၊ ဗိုလ်ထုရှိရာသို့ လိုက်ပြေး၍ အစ်ကိုတို့ကိုနှုတ်ဆက်စကားပြောစဉ်အခါ 23 ဖိလိတ္တိလူမျိုး၊ ဂါသမြို့သား၊ စီးချင်းထိုးသူရဲဂေါလျက်သည် ဖိလိတ္တိတပ်ထဲမှထွက်လာ၍ ယမန်ကဲ့သို့ဆိုသောစကားကို ဒါဝိဒ်ကြားလေ၏။ 24 ဣသရေလရဲမက်အပေါင်းတို့သည် ထိုသူ့ကိုမြင်လျှင် မြင်ချင်း အလွန်ကြောက်ရွံ့သဖြင့် တွန့်ဆုတ်လျက်၊ 25 ယခုထွက်လာသောထိုသူရဲကိုမြင်ကြသလော။ ဣသရေလတပ်ကို မထီလေးစားပြုရန် ထွက်လာပြီတကား။ သူ့ကိုသတ်နိုင်သူ့အား ဘုရင်မင်းက ကြီးစွာသောစည်းစိမ်ကို ပေးသနား မည့်ပြင် သမီးေတာ်နှင့်ထိမ်းမြားလျက် ဣသရေလနိုင်ငံအတွင်း ဆွေမျိုးသားချင်းတို့ကိုလည်း မင်းမှု မင်းတိုင်းလွှတ်တော်မူလိမ့်မည်ဟု အချင်းချင်းပြောဆိုကြသော်၊ 26 ဒါဝိဒ်က၊ ထိုဖိလိတ္တိသူရဲကိုသတ်၍ ဣသရေလတပ်ခံရသော မထီလေးစားမှုကို ပယ်ရှင်းသူ၌ မည်သို့ကျေးဇူးပြုမည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိုလ်ထုကို မထီလေးစားပြုရန် လှီးဖြတ်ခြင်းမင်္ဂလာမဲ့သော ထိုဖိလိတ္တိသူရဲကား မည်သို့သောသူနည်းဟု အနီးရှိစစ်သားတို့အား မေးမြန်းလျှင် 27 သူတို့က သတ်နိုင်သူ၌ ဤသို့သောကျေးဇူးကို ပြုတော်မူလိမ့်မည်ဟု ယမန်ကဲ့သို့ပြန်ပြောကြ၏။ 28 ထိုသူတို့နှင့် ဒါဝိဒ်ပြောနေသည်ကို အစ်ကိုဧလျာဘကြားလျှင်၊ အမျက်ထွက်၍ အဘယ် ကြောင့် ရောက်လာသနည်း။ အမျက်ထွက်၍ အဘယ်ကြောင့်ရောက်လာသနည်း။ တောရှိနည်းသောသိုးများကို မည်သူ့ထံအပ်ခဲ့သနည်း။ သင်စိတ်ကြီးခြင်း၊ ဆိုးညစ်ခြင်းများကို ငါသိ၏။ စစ်ပွဲကိုရှုကြည့်ရန်သာ လာသည်ဟုဆိုရာ 29 ဒါဝိဒ်က၊ အကြောင်းရှိသည်မဟုတ်လော။ ကျွန်တော်သည် မည်သည့်ပြစ်မှုကို ပြုမိပါသနည်းဟု ပြန်ပြောပြီးနောက် 30 အခြားသူတို့ထံလှည့်၍ ယမန်ကဲ့သို့မေးမြန်းလျှင်ရှေးနည်း အတူပြန်ပြောကြ၏။
31 ထိုသို့ဒါဝိဒ်ပြောသောစကားကို ကြားသူတို့တင်လျှောက်ကြသည့်အတိုင်း ရှောလုမင်းခေါ်ရာ ဒါဝိဒ်က၊ 32 ထိုသူ့အတွက် မည်သူမျှစိတ်မငယ်ပါစေလင့်။ ကျွန်တော်မျိုးသည် ထိုဖိလိတ္တိသူရဲကိုထွက်၍ တိုက်ပါမည်ဟု ရှောလုမင်းအား ပြန်လျှောက်လျှင် 33 ထိုဖိလိတ္တိသူရဲကို သင်ထွက်၍မတိုက်နိုင်။ သင်ကား လူလားမမြောက်သေး။ ထိုသူမှာ ငယ်ကတည်းကပင် စစ်မှု၍ ကျင်လည်ခဲ့ပြီဟု ရှောလုမင်းမိန့်ဆိုသော်၊ 34 ဒါဝိဒ်က၊ ကျွန်တော်မျိုးသည် အဘပိုင်သိုးများကို ထိန်းကျောင်စဉ်အခါ ခြင်္သေ့ဖြစ်စေ၊ ဝံဖြစ် စေ လာ၍ သိုးအုပ်အတွင်းမှတစ်ကောင်ကိုကိုက်ယူရာ 35 လိုက်လံရိုက်နှက်၍ ခံတွင်းမှပင် ဆွဲယူပါ၏။ ရန်မူရာတွင်လည်း မေးကိုဆွဲကိုင်ရိုက်သတ်ပါ၏။ 36 ခြင်္သေ့ကိုလည်းကောင်း၊ ဝံကိုလည်းကောင်း၊ ကျွန်တော်မျိုးရိုက်နှက်ခဲ့ပြီ။ လှီးဖြတ်ခြင်းမင်္ဂလာမဲ့သော ဤဖိလိတ္တိ သူရဲသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိုလ်ထုကို မထီလေးစားပြုသောကြောင့် ထိုသားရဲ နှင့်အတူဖြစ်ပါလိမ့်မည်။ 37 ခြင်္သေ့ဘေး၊ ဝံဘေးမှကျွန်တော်မျိုးကို လွတ်စေတော်မူသော ထာဝရဘုရားသည် ဤဖိလိတ္တိသူရဲ၏လက်တွင်းမှလည်း လွတ်မြောက်စေတော်မူလိမ့်မည်ဟု တင်လျှောက်သော်၊ ရှောလုမင်းက၊ ထွက်လော့။ ထာဝရဘုရားသည် သင်နှင့်အတူရှိပါစေသောဟု ဒါဝိဒ်အားမိန့်ဆိုလေ၏။
38 ရှောလုမင်းလည်း ဒါဝိဒ်အား၊ ချပ်တန်ဆာတော်ကို ဝတ်ဆင်စေလျက်၊ ကြေးမောက်ရူကို ဆောင်းပေးခြင်း၊ ရင်အုပ်ကိုဆင်ပေးခြင်းများကို စီမံသည့်အတိုင်း၊ 39 ဒါဝိဒ်သည် မစမ်းသပ်သေးသောချပ်တန်ဆာအပေါ်မှာ ဓားတော်ကိုပတ်စည်း၍ သွားမည့်ပြုရာ ဤကိရိယာတန်ဆာကို မစမ်းသပ်ဘူးသောကြောင့် ကျွန်တော်မသွားတတ်ပါဟု ရှောလုမင်းထံ တင်လျှောက်၍ ချွတ်ပယ်ပြီးမှ 40 ရှိရင်းတုတ်နှင့်လောက်လွှဲကိုကိုင်လျက် ချောမာသောကျောက်ငါးလုံးကို ချောင်းထဲမှ ရွေးကောက်၍ သိုးထိန်းတို့သုံးတတ်သောလွယ်အိတ်၌ ထည့်ပြီးလျှင် ဖိလိတ္တိသူရဲထံချဉ်းကပ်လေ၏။ 41 ဖိလိတ္တိသူရဲလည်း ဒိုင်းလွှားကိုင်သူ့ကိုရှေ့တည်လျက် ဒါဝိဒ်ရှိရာသို့ချဉ်းလာပြီးလျှင် တိမ်းငဲ့ ကြည့်ရှု၍ဒါဝိဒ်ကိုမြင်သော် 42 ရှုချင်ဖွယ်ရွှေအဆင်းရှိသော လူလားမမြောက်သေးသူဖြစ်သည့်အတွက် မခန့်လေးစားပြုလျက် 43 သင်သည်တုတ်နှင့်လာသည်ကား၊ ငါခွေးဖြစ်သလောဟု ဆိုပြီးလျှင် ကိုယ့်ဘုရားများကို တိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲသည့်ပြင် ချဉ်းခဲ့လော့။ 44 ငါသည်သင့်အသားကို ငှက်စာ၊ သားရဲစားဖြစ်စေမည်ဟု ခြိမ်းခြောက်လေ၏။ 45 ဒါဝိဒ်က၊ သင်သည်ဓား၊ ထိုးလှံ၊ ပစ်လှံများနှင့် ချဉ်းလာ၏။ ငါကား၊ သင်မထီလေးစားပြုသော ဣသရေလဗိုလ်ထု၏ ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏နာမတော်နှင့် ချဉ်းလာ၏။ 46 ထာဝရဘုရားသည် ငါ့လက်တွင်းသို့ သင့်ကိုယနေ့အပ်နှင်းတော်မူမည်ဖြစ်၍ ရိုက်သတ်လျက် ခေါင်းကိုဖြတ်ပြီးလျှင် ဖိလိတ္တိအလုံးအရင်း အသေကောင်များကို ငှက်စာ၊ တောသားရဲစာ၊ ယနေ့ငါ ဖြစ်ေစသဖြင့် ဣသရေလလူမျိုးတွင် ဘုရားသခင်တည်နေတော်မူကြောင်းကို မြေတစ်ပြင်လုံးရှိ လူအပေါင်းတို့သိရကြသည့်ပြင် 47 ဓား၊ လှံဖြင့် ထာဝရဘုရားကယ်ဆယ်တော်မူသည်မဟုတ်ကြောင်းကိုလည်း ဤဗိုလ်ထုအပေါင်းတို့ သိရကြလတ္တံ့။ စစ်မက်ရေးကို ထာဝရဘုရားပိုင်တော်မူသည်ဖြစ်၍ သင်တို့ကို ငါတို့လက်တွင်းသို့ အပ်နှင်းတော်မူလိမ့်မည်ဟု ဖိလိတ္တိသူရဲအားပြန်ဆိုလေ၏။ 48 ဖိလိတ္တိသူရဲထကြွ၍ ဒါဝိဒ်နှင့်စစ်ထိုးခြင်းငှါ ချဉ်းလာသော် ဒါဝိဒ်လည်း၊ ဖိလိတ္တိသူရဲနှင့်စစ်ထိုး ရန် စစ်ဦးသို့မျက်နှာမူလျက်၊ အဆောတလျင်ပြေးဝင်၍ အိတ်ထဲမှကျောက်ခဲကို နှိုက်ယူလွှဲပစ်ရာ 49 ဖိလိတ္တိသူရဲ၏နဖူးကိုထိမှန်ဖောက်ဝင်သဖြင့် စိုက်လဲလေ၏။ 50 ထိုသို့ဒါဝိဒ်သည် ဓားလက်နက်မကိုင်ဘဲ လောက်လွှဲနှင့်ကျောက်ခဲအားဖြင့် ဖိလိတ္တိသူရဲကို အောင်မြင်ရိုက်သတ်လေသတည်း။ 51 ထိုအခါ ဒါဝိဒ်သည် ဖိလိတ္တိသူရဲကို ပြေးဝင်ဖိနင်းလျက် ၎င်း၏ဓားကိုဆွဲနုတ်ပြီးလျှင် ခေါင်းကိုဖြတ် ၍ အသေသတ်လေ၏။ ဖိလိတ္တိအလုံးအရင်းလည်း သူရဲကောင်းသေသည်ကို သိမြင်၍ ထွက်ပြေးကြရာ၊ 52 ဣသရေလနှင့်ယုဒရဲမက်တို့ထ၍ ဂါသမြို့တိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း၊ အောင်သံပေးလျက်လိုက်လံကြ၏။ ဖိလိတ္တိတပ်လည်း ဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင် ထိရှကျဆုံးကြ၏။ 53 ဣသရေလတပ်သည်ဖိလိတ္တိတပ်ကို လိုက်လံရာမှ ပြန်လာပြီးလျှင် သူတို့တပ်စခန်းရှိရိက္ခာ များကို သိမ်းယူကြ၏။ 54 ဒါဝိဒ်သည် ဖိလိတ္တိသူရဲ၏ခေါင်းကို ယေရုရှလင်မြို့သို့ဆောင်သွား၍ သုံ့ရလက်နက်ကိုကား ကိုယ့်တဲတွင်သိမ်းထားလေ၏။ p 55 ဖိလိတ္တိသူရဲနှင့်စီးချင်းထိုးရန် ဒါဝိဒ်ထွက်သွားသည်ကို ရှောလုမင်းမြင်သော်၊ ထိုလုလင်ကား၊ မည်သူ့သားနည်းဟု ဗိုလ်ချုပ်အာဗနာကိုမေးရာ အရှင်မင်းမြတ်အသက်တော်ရှင်သည့်အတိုင်း ကျွန်​တော်မသိပါဟု အာဗနာတင်လျှောက်လျှင် 56 ဘုရင်မင်းက၊ ထိုလုလင်သည် မည်သူ့သားဖြစ်သည်ကိုမေးမြန်းလော့ဟု မိန့်ဆို၏။ 57 ဖိလိတ္တိသူရဲကိုလုပ်ကြံပြီးနောက် ဒါဝိဒ်ပြန်လာရာ လက်တွင်ပါလာသောသူရဲ၏ခေါင်းနှင့်တကွ ရှောလုမင်းထံအာဗနာခေါ်၍ ဆက်သွင်းရာ၌ ရှောလုမင်းက 58 အချင်းလုလင်၊ သင်ကားမည်သူ့သားနည်းဟု မေးလျှင် ကျွန်တော်သည် အရှင့်ကျွန်၊ ဗက်လင် မြို့နေယေရှဲ၏သားဖြစ်ပါသည်ဟု ဒါဝိဒ်တင်လျှောက်လေ၏။