11
1 ထိုနောက် အမ္မုန်အမျိုး နာဟတ်မင်းချီလာ၍ ဂိလဒ်နယ်၊ ယာဗက်မြို့အနီးတပ်စွဲရာ၊ ယာဗက်မြို့သားတို့က ကျွန်တော်တို့နှင့်မိတ်သဟာယဖွဲ့တော်မူပါ။ အမှုတော်ကို ဆောင်ရွက်ပါမည် ဟု နာဟတ်မင်းအားတင်လျှောက်ကြလေသော်၊
2 အမ္မုန်အမျိုးနာဟတ်မင်းက ဣသရေလတစ်မျိုးလုံးအရှက်ကို ငါခွဲရန် သင်တို့၏လက်ျာမျက်စိဟူ သမျှကိုထိုးဖောက်ရမှသာ မိတ်ဖွဲ့ခံမည်ဟု မိန့်ဆိုရာ
3 ဣသရေလတစ်နိုင်ငံလုံးသို့ တမန်စေလွှတ်ရန် ခုနစ်ရက်တာချမ်းသာပေးတော်မူပါ။ ကယ်မသူမပေါ်မရှိက အသျှင့်ထံထွက်ခံပါမည်ဟု ယာဗက်မြို့လူကြီးတို့တင်လျှောက်သည့်အတိုင်း
4 ရှောလုမင်းနေရာဂိဗာမြို့သို့ တမန်တို့လာရောက်၍ မြို့သူမြို့သားတို့အား ကြားပြောလျှင် တစ်မြို့ လုံးအော်ဟစ်ငိုကြွေးကြ၏။
5 ရှောလုမင်းသည် လယ်တောမှနွားများကို မောင်းနှင်ပြန်လာသောအခါ မြို့သူမြို့သားတို့ အဘယ်အတွက် ငိုကြွေးကြသနည်းဟုမေးလျှင် ယာဗက်မြို့တမန်တို့စကားကို လျှောက်ကြားကြ၏။
6 ထိုသတင်းကိုရှောလုမင်းကြားသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင့်ဝိညာဉ်တော် အဆောတလျင် သက်ရောက်၍ ဒေါသအမျက်ခြောင်းခြောင်းထွက်သဖြင့်
7 နွားတစ်ရှဉ်းကိုအပိုင်းပိုင်းဖြတ်ပြီးလျှင် ရှောလုနှင့်ရှမွေလနောက်၌ မလိုက်မချီသူတို့နွားများကို ထိုသို့စီရင်မည်ဟု ကြော်ငြာစေသူ တမန်တို့လက်ဖြင့် ဣသရေလတစ်နိုင်ငံလုံးသို့ပို့လိုက်သည်နှင့် ထာဝရဘုရားထံမှ ဖြစ်ပွားသောထိတ်လန့်ခြင်းသည် ပြည်သူပြည်သားတို့အပေါ်သို့ သက်ရောက် သည့်အလျောက် တစ်သဘောတည်းလိုက်ချီကြရာ
8 ဗေဇက်မြို့တွင် ကြည့်ရှုစစ်ဆေးသောအခါ ဣသရေလသူရဲသုံးသိန်း၊ ယုဒသူရဲသုံးသောင်းရှိကြ သတည်း။
9 တပ်ဗိုလ်တို့က နက်ဖြန်နေပြင်းသောအချိန် ချမ်းသာရမည့်အကြောင်း၊ ဂိလဒ်နယ်၊ ယာဗက်မြို့ သူမြို့သားတို့အား ကြားပြောလော့ဟု လာရင်း တမန်တို့ကိုမှာထားလိုက်သည့်အတိုင်း တမန်တို့ ပြန်ရောက်ကြားပြောသဖြင့် မြို့သူမြို့သားတို့ ဝမ်းမြောက်ကြသည်နှင့်အညီ
10 ကျွန်တော်တို့သည် သင်တို့ထံ နက်ဖြန်ထွက်ခံပါမည်။ အလိုရှိရာပြုကြပါ။
11 နောက်နေ့တွင် ရှောလုမင်းသည် တပ်တော်ကိုသုံးကြောင်း သုံးသွယ်ခွဲ၍ နံနက်ယံအချိန် အမ္မုန် တပ်မကိုတိုးဝင်တိုက်ခိုက်ရာ နေပြင်းချိန်တိုင်အောင် လုပ်ကြံသဖြင့် ကျန်ကြွင်းသူနှစ်ဦးမျှ မပူးမတွဲနိုင်ဘဲ ဖရိုဖရဲကွဲလွင့်ပျက်စီးရကြ၏။
12 ထိုအခါ တပ်တော်သားတို့က၊ ရှောလုသည် ငါတို့အပေါ်တွင် မင်းပြုအပ်သလောဟုဆိုသော သူတို့ကား၊ အဘယ်မှာနည်း။ ငါတို့သတ်ရန်အပ်ပါလော့ဟု ရှမွေလအား လျှောက်တောင်းကြသော်၊
13 ရှောလုမင်းက၊ ဣသရေလလူမျိုးတွင် အောင်မြင်ခွင့်ကိုယနေ့ထာဝရဘုရားပေးတော်မူသော ကြောင့် ဤနေ့မည်သူ့ကိုမျှ မသတ်ရဟု အမိန့်ထုတ်လေ၏။
14 ထိုနောက် ပြည်သူပြည်သားတို့အား ရှမွေလက၊ ဂိလဂါလမြို့သို့သွား၍ တိုင်းနိုင်ငံကို အသစ်တည်ထောင်ကြကုန်အံ့ဟု မိန့်ဆိုသည့်အတိုင်း၊
15 တစ်မျိုးလုံးဂိလဂါလမြို့သို့သွားရောက်ပြီးလျှင် ထိုမြို့၌ထာဝရဘုရားရှေ့တော်တွင် ရှောလုကို ဘုရင်အဖြစ် တင်မြှောက်ကြလေ၏။ ထိုမြို့တွင်ပင် ထာဝရဘုရားရှေ့တော်၌ မိတ်သဟာယပူဇော် သက္ကာများကို ဆက်ကပ်လျက် ရှောလုမင်းနှင့်တကွ ဣသရေလလူမျိုးအပေါင်းတို့သည် အားရဝမ်း မြောက်ကြကုန်၏။