8
သတ္တမတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ ကောင်းကင်ဘုံတွင် နာရီဝက်မျှဆိတ်ဆိတ်နေပြီးနောက်၊ ဘုရားသခင့်ရှေ့ ခစားသောစေတမန်တော်ခုနစ်ပါးတို့သည် တံပိုးခုနစ်လက်ရကြသည်ကိုငါမြင်ရ၏။ ရွှေမီးကျီးခံကိုင် စေတမန်တော်တစ်ပါးလည်း ပူဇော်ရာပလ္လင်တော့်အနီးရပ်လာလျက် ရာဇပလ္လင့်ရှေ့တည်သော ပူဇော်ရာထိုရွှေပလ္လင့်အထက် သီးသန့်ထားတော်မူသူအပေါင်းတို့ ပဌနာများတွင်ထပ်လောင်းရန် နံ့သာပေါင်းအများကိုခံယူပြီးလျှင်၊ နံ့သာပေါင်းငွေ့သည် သီးသန့်ထားတော်မူသူတို့ပဌနာအကျိုးအလို့ငှါ ထိုစေတမန်တော့်လက်မှ ဘုရားသခင့်ရှေ့တော်သို့တက်ရောက်သော်၊ စေတမန်တော်သည်မီးကျီးခံကိုင်လျက် ပူဇော်ရာပလ္လင်တော်ရှိမီကျီးအပြည့်ထည့်သည့်ပြင် မြေပေါ်သို့ပစ်လိုက်သဖြင့် မိုးချုန်းခြင်း၊ ထစ်ခြင်း၊ လျှပ်ပျက်ခြင်း၊ ငလျင်လှုပ်ခြင်းများဖြစ်လေ၏။
ထိုအခါ တံပိုးခုနစ်လက်ရှိသော စေတမန်တော်ခုနစ်ပါးတို့သည် တံပိုးမှုတ်ရန်ပြင်ဆင်ကြပြီးလျှင်၊ ပထမတံပိုးမှုတ်သော် သွေးရောသောမိုးသီးနှင့်လောင်မီးသည် မြေပေါ်သို့ကျ၍မြေသုံးပိုင်းတစ်ပိုင်း၊ သစ်ပင်များသုံးစုတစ်စုနှင့် စိမ်းလန်းသောကောက်ပဲရှိသမျှ ကျွမ်းလောင်လျက်ကုန်၏။
ဒုတိယစေတမန်တော်တံပိုးမှုတ်သော် တောင်ကြီးခန့်လောင်မီးသည် သမုဒ္ဒရာထဲသို့ကျ၍ သုံးပိုင်းတစ်ပိုင်းသွေးဖြစ်သဖြင့်၊ သက်ရှိရေသတ္တဝါသုံးစုတစ်စုသေလျက် သင်္ဘောများသုံးစုတစ်စုပျက်၏။
10 တတိယစေတမန်တော်တံပိုးမှုတ်သော် မီးရှူးသဖွယ်တောက်လောင်သောဒေါနခေါ်ကြယ်ကြီးတစ်လုံးသည် မြစ်သုံးစုတစ်စုနှင့်စမ်းပေါက်များပေါ်သို့ ကောင်းကင်မှကျ၍၊ 11 ရေသုံးစုတစ်စုသည်ဒေါနရည်ဖြစ်သဖြင့် ထိုရေခါးကြောင့်လူအများတို့သေကြ၏။
12 စတုတ္ထစေတမန်တော်တံပိုးမှုတ်သော် နေသုံးပိုင်းတစ်ပိုင်း၊ လသုံးပိုင်းတစ်ပိုင်း၊ ကြယ်များသုံးစုတစ်စုကို၊ မှောင်မိုက်ဒဏ်ထိခိုက်၍ နေ့သုံးပိုင်းတစ်ပိုင်း၊ ညဥ့်သုံးပိုင်းတစ်ပိုင်းအလင်းကွယ်၏။
13 ထိုအခါငါမျှော်ကြည့်ရာ ရွှေလင်းတတစ်ကောင်သည် ကောင်းကင့်အလယ်တွင်ပျံဝဲလျက် ကြွင်းသောစေတမန်တော်သုံးပါးတို့ မှုတ်ရဦးမည့်တံပိုးသံများကြောင့် မြေကြီးပေါ်တွင်နေထိုင်သူတို့၌ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိသည်ဟု၊ ကျယ်သောအသံနှင့်မြည်ကြွေးသည်ကိုကြားရ၏။