17
1-2 ထိုအခါ ဖလားခုနစ်လုံးကိုင်စေတမန်တော်ခုနစ်ပါးအဝင် တစ်ပါးသည်လာလျက် လိုက်ခဲ့လော့။ မြေကြီးဘုရင်မင်းတို့နှင့်မှားယွင်းသူ၊ မတရားမေထုန်စပျစ်ရည်နှင့် မြေကြီးသားတို့ကိုမူးယစ်စေသူ၊ မြစ်ချောင်းများအနီးထိုင်နေသော ပြည်တန်ဆာကြီးခံရမည့်စီရင်ဒဏ်ကို ပြမည်ဟု ငါ့အားမြွက်ဆိုပြီးလျှင်၊
3 ဝိညာဉ်တော်ဝင်စားသောငါ့ကို တောသို့ခေါ်သွားရာ ပုတ်ခတ်ခြင်းဘွဲ့ ကိုယ်လုံးပြည့်ပါလျက် ဦးခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်းရှိသားရဲနီအထက် စီးနေသောမိန်းမတစ်ယောက်ကိုငါမြင်ရ၏။
4 ထိုမိန်းမသည်အမောင်းထည်၊ အနီထည်ဝတ်ခြုံလျက်၊ ရွှေ၊ ကျောက်၊ ပုလဲတန်ဆာများကိုဆင်ယင်လျက်၊ ကိုယ့်မတရားသောမေထုံဆိုင်ရာ ညစ်ညူးစက်ဆုပ်ဖွယ်များနှင့်ပြည့်သော ရွှေဖလားကိုကိုင်ထား၏။
5 နဖူးတွင်နက်နဲရာကမ္ဗည်းကား၊ မြေကြီးပေါ်ရှိပြည့်တန်ဆာများနှင့် စက်ဆုပ်ဖွယ်များ၏အမိ၊ ဗာဗုလုန်မြို့ကြီးတည်းဟူ၍ အမည်ရေးထား၏။
6 သူသည်သီးသန့်ထားသူတို့အသွေး၊ ယေရှု၏သက်သေခံတော်တို့အသွေးနှင့် ယစ်မူးသည်ကိုငါမြင်ရ၍ အလွန်အံ့ဩသော်၊
7 စေတမန်တော်က အဘယ်ကြောင့်အံ့သြသနည်း။ ထိုမိန်းမမှစ၍ ဦးခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်းရှိ၊ ထိုမိန်းမစီးသော သားရဲနှင့်စပ်သည့်နက်နဲရာကို ငါဖော်ပြမည်။
8 သင်မြင်သောသားရဲကား အထက်ရှိဖူးသူ၊ ယခုမရှိသူ၊ ငရဲချောက်ထဲမှ တက်လာဆဲရှိ၍ ပျက်စီးရာရောက်မည့်သူတည်း။ ဤလောကတည်သည့်ကာလက အသက်စာရင်းတွင်အမည်မသွင်းသော၊ မြေကြီးပေါ်မှာနေထိုင်သူတို့သည် ထိုသားရဲရှိဘူးကြောင်း၊ ယခုမရှိကြောင်း၊ ပေါ်ပြန်မည့်အကြောင်းများကိုသိမြင်သော် အံ့ဩကြလိမ့်မည်။
9 ဉာဏ်ပညာပြရမည်မှာ ဦးခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေရာ တောင်ခုနစ်လုံးဖြစ်သည့်ပြင်၊
10 ဘုရင်မင်းခုနစ်ပါးလည်းဖြစ်သည့်အလျောက် ငါးပါးကျပြီ။ တစ်ပါးရှိ၏။ ကျန်တစ်ပါးမှာမပေါ်သေး။ ပေါ်သည့်ကာလ၊ တခဏမျှစံရမည်။
11 အထက်ကရှိဘူးလျက်၊ ယခုမရှိသောသားရဲကား ထိုခုနှစ်ပါးအဝင်ဖြစ်လျက် ပျက်စီးရာရောက်မည့်အဋ္ဌမဘုရင်မင်းတည်း။
12 သင်မြင်သောဦးချိုဆယ်ချောင်းကား နိုင်ငံမရသေးသော်လည်း၊ သားရဲနှင့်အတူ မင်းအာဏာကိုတစ်နာရီမျှရမည့် ဘုရင်မင်းဆယ်ပါးတို့တည်း။
13 ထိုမင်းတို့သည်ကိုယ့်တန်ခိုးနှင့်အာဏာကို သားရဲသို့အကြံတူအပ်နှံလျက် သိုးငယ်တော်နှင့်စစ်ပြိုင်ကြရာ၊
14 အရှင့်ထက်အရှင်၊ ဘုရင့်ထက်ဘုရင်ဖြစ်တော်မူသော သိုးငယ်တော်သည် ရွေးကောက်ခေါ်ထားတော်မူသူ၊ သစ္စာစောင့်သူ၊ နောက်တော်ပါတို့နှင့်တကွ နိုင်နင်းတော်မူလိမ့်မည်ဟူ၍လည်းေကာင်း၊
15 ပြည့်တန်ဆာထိုင်နေရာ သင်မြင်သောမြစ်ချောင်းများကား ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးအနွယ်များတည်း။
16 သင်မြင်သောဦးချိုဆယ်ချောင်းနှင့်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းထားသဖြင့် မြို့ဆိုးကုန်းအချည်းစီးဖြစ်စေလျက် သူ့အသားကိုစား၍ မီးဖြင့်ကျွမ်းစေကြလိမ့်မည်။
17 အသို့ဆိုသော် ဘုရားသခင်ပြဋ္ဌာန်းချက်မပြီးမချင်း ကိုယ့်နိုင်ငံကို သားရဲသို့အကြံတူအပ်နှံ၍ အကြံတော်အတိုင်းဆောင်ရွက်ကြစေရန် သူတို့စိတ်ကိုဘုရားသခင်ပြုပြင်တော်မူ၏။
18 သင်မြင်သောမိန်းမကား မြေကြီးဘုရင်မင်းတို့ကိုအစိုးရသော မြို့တော်ကြီးဖြစ်သတည်းဟူ၍လည်းေကာင်း မြွက်ဆိုလေ၏။