16
စေတမန်တော်ခုနစ်ပါးတို့အား သွား၍ ဘုရားသခင့်အမျက်တော်ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းလော့ဟု ဗိမာန်တော်မှကျယ်သောအသံကို ငါကြားရပြီးနောက်၊ ပထမစေတမန်တော်သွား၍ ကိုယ့်ဖလားကို မြေပေါ်သို့သွန်းလောင်းသော် သားရဲ၏သညာခံလျက်ရုပ်ပုံကို ရှိခိုးသူတို့၌ နာကျင်သောအနာဆိုးပေါက်၏။
ဒုတိယစေတမန်တော်သည် ကိုယ့်ဖလားကိုသမုဒ္ဒရာပေါ်သို့သွန်းလောင်းသော် ရေသည်လူသေ၏သွေးကဲ့သို့ဖြစ်သဖြင့် သမုဒ္ဒရာရှိသတ္တဝါဟူသမျှသေကြ၏။
တတိယစေတမန်တော်သည် ကိုယ့်ဖလားကိုမြစ်များ၊ စမ်းပေါက်များပေါ်သို့သွန်းလောင်းသော် ရေသည်သွေးဖြစ်သဖြင့်၊ ရေစောင့်တမန်တော်က ပစ္စုပ္ပန်၊ အတိတ်တည်လျက် အိုသန့်ရှင်းတော်မူသောအရှင်၊ ဤသို့စီရင်တော်မူရာ၌ ဖြောင့်မတ်လှပါ၏။ သီးသန့်ထားသူတို့နှင့်ပရောဖက်တို့အသွေးကို သွန်းကြသောထိုသူတို့အား အသွေးတိုက်တော်မူသည်မှာ ထိုက်သင့်ဒဏ်ဖြစ်ပါသည်ဟုလျောက်ကြောင်း ငါကြား၏။ ပူဇော်ရာပလ္လင်တော်ကလည်း ဟုတ်မှန်ပါ၏။ အိုအနန္တတန်ခိုးရှင် ထာဝရဘုရားသခင်၊ စီရင်တော်မူချက်များသည် ဟုတ်မှန်ဖြောင့်မတ်ပါ၏ဟု ထောက်ခံသည်ကိုကြားရ၏။
စတုတ္ထစေတမန်တော်သည် ကိုယ့်ဖလားကိုနေပေါ်သို့သွန်းလောင်းသော် လူတို့ကိုအရှိန်ဖြင့် တောက်လောင်သောအခွင့်ရသည့်အလျောက်၊ လူတို့လည်းအလွန်ပူပြင်း၍ကျွမ်းလောင်ကြရာ ဘုန်းတော်ကိုချီးမွမ်းရန်နောင်တမရဘဲ ဤဘေးများကိုအစိုးရသော ဘုရားသခင့်နာမတော်အားပုတ်ခတ်ကြ၏။
10-11 ပဥ္စမစေတမန်တော်သည် ကိုယ့်ဖလားကို သားရဲ၏ရာဇပလ္လင်ပေါ်သို့သွန်းလောင်းသော် သားရဲ၏နိုင်ငံလုံးမှောင်မိုက်သဖြင့် နိုင်ငံသူနိုင်ငံသားတို့သည် နာကျင်ခြင်းဝေဒနာကြောင့်လျှာကိုခဲလျက် ကိုယ့်အကျင့်အကြံများအတွက်နောင်တမရဘဲ ထိုဝေဒနာနှင့်အနာဆိုးများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်အား ပုတ်ခတ်ကြ၏။
12 ဆဋ္ဌမစေတမန်တော်သည် ကိုယ့်ဖလားကိုဥဖရတ်မြစ်ကြီးပေါ်သို့သွန်းလောင်းသော် အရှေ့ပြည်ဘုရင်မင်းတို့လမ်းပေါက်စေခြင်းငှါ မြစ်ရေခမ်းခြောက်၏။ 13-14 ထိုအခါ နိမိတ်ပြလျက် အနန္တတန်ခိုးရှင်ဘုရားသခင့်နေ့တော်ကြီး စစ်ပွဲသို့ တစ်လောကလုံးရှိဘုရင်မင်းတို့ကို စုရုံးစေရန်ထွက်သွားသည့် မသန့်သောဝိညာဉ်၊ နတ်ဆိုးသုံးကောင်သည် နဂါး၏ခံတွင်း၊ သားရဲ၏ခံတွင်း၊ မိစ္ဆာပရောဖက်၏ခံတွင်းများမှ ဖားသဖွယ်ထွက်လာပြီးလျှင်၊ 15-16 ဟေဗြဲဘာသာဖြင့် ဟာမဂေဒုန်ခေါ်အရပ်သို့ စုရုံးစေကြသည်ကိုငါမြင်ရ၏။ ငါသည်ခိုးသူကဲ့သို့လာမည်။ အချည်းစည်းသွားလာ၍ရှက်ကွဲရာမပေါ်စေရန် ကိုယ့်အဝတ်များကိုထိန်းသိမ်းလျက် စောင့်နေသူသည်မင်္ဂလာရှိ၏။
17 သတ္တမစေတမန်တော်သည် ကိုယ့်ဖလားကိုကောင်းကင်လေပေါ်သို့ သွန်းလောင်းသော် အဆုံးသတ်ပြီဟူ၍ ဗိမာန်တော်ရာဇပလ္လင်တော်မှ ကျယ်သောကြွေးကြော်သံရောက်လာရာ၊ 18 လျှပ်ပြက်ခြင်း၊ မိုးချုန်းခြင်း၊ ထစ်ခြင်းများပြင် မြေကြီးပေါ်မှာလူနေသည်ကစ၍ မဖြစ်စဖူး အလွန်ကြီးကျယ်ပြင်းထန်သော ငလျင်လှုပ်ခြင်းဖြစ်သဖြင့်၊ 19 မြို့တော်ကြီး သုံးပိုင်းအက်ကွဲလျက် လူမျိုးခြားတို့မြို့များလည်းပြိုလဲ၏။ ထိုသို့ဗာဗုလုန်မြို့ကြီးကို ဘုရားသခင်သတိရ၍ အမျက်တော်စပျစ်ရည်အရှိန်ဖလားကို တိုက်တော်မူရာ၊ 20 ကျွန်းရှိသမျှရှောင်ပြေး၍ တောင်များပပျောက်သည့်ပြင်၊ 21 ကောင်းကင်မှ ခွက်သုံးဆယ်ခန့်ရှိမိုးသီးကြီးများကျသည်နှင့် လူတို့သည်ပြင်းထန်လှသော ထိုမိုးသီးဘေးကြောင့် ဘုရားသခင်အားပုတ်ခတ်ကြ၏။