12
1-2 တစ်ဖန် ကောင်းကင်ဘုံ၌မဟာနိမိတ်ထင်ရှားသည်မှာ နေကိုရုံလျက်၊ လကိုစီးနင်းလျက်၊ ကြယ်ဆယ့်နှစ်လုံးစီသရဖူကိုဆောင်းလျက်၊ ကိုယ်ဝန်ဆောင်သောမိန်းမတစ်ဦးသည် ပြင်းစွာသားဖွားဝေဒနာခံစား၍ အော်ဟစ်နေသတည်း။
3 ကောင်းကင်ဘုံ၌ အခြားနိမိတ်ထင်ရှားသည်မှာ ဦးခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်းနှင့်ပြည့်စုံ၍ ဦးခေါင်းများပေါ်တွင် မကိုဋ်ခုနစ်သျှောင်ဆောင်းသော မီးလျှံရောင်နဂါးကြီးတစ်ကောင်သည်၊
4 ကောင်းကင်ကြယ်သုံးစုတစ်စုကို အမြီးဖြင့်ဆွဲငင်၍ မြေကြီးပေါ်သို့ချလိုက်ရာ သားဖွားဆဲမိန်းမရှေ့တွင်ဖွားမြင်သည့်ကာလ သူငယ်ကိုစားခြင်းငှါ ရပ်တန့်လျက်နေ၏။
5 လူအမျိုးမျိုးကို သံလှံတံနှင့်အုပ်စိုးရမည့်သားယောကျ်ားဖွားမြင်ရာ သူငယ်သည်ဘုရားသခင်စံတော်မူသော ပလ္လင်တော်တိုင်အောင်ပင် ချီဆောင်ခံရသော်၊
6 အမိလည်း ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်အတွင်း အကျွေးအမွေးခံရစေရန် ဘုရားသခင်ပြင်ဆင်ထားတော်မူရာ တောသို့ထွက်ပြေးသတည်း။
7 ထိုအခါကောင်းကင်ဘုံတွင် မိက္ခေလနှင့်ဘက်ပါစေတမန်တို့သည် ဆိုခဲ့သောနဂါးနှင့်ဆိုင်ပြိုင်တိုက်ခိုက်ကြရာ၊
8 နဂါးနှင့်ဘက်ပါစေတမန်တို့သည်မနိုင်၍ ကောင်းကင်ဘုံတွင်ဆက်လက်နေထိုင်ခွင့်မရသည့်အလျောက်၊
9 မာရ်နတ်စာတန်ခေါ် တစ်လောကလုံးကိုလှည့်ဖြားသော ရှေးမြွေဟောင်းနဂါးကြီးသည် ဘက်ပါစေတမန်တို့နှင့်တကွ မြေကြီးပေါ်သို့ပစ်ချခံရ၏။
10 ကောင်းကင်ဘုံမှ ကျယ်သောကြွေးကြော်သံက ယခုမှာ ငါတို့ဘုရားသခင်၏ကယ်တင်တော်မူခွင့်မှစ၍ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ဘိသိက်တော်ခံမင်း၏အာဏာတော်သည် တည်ရောက်လေပြီ။ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့ နေ့ညဉ့်မပြတ်အပြစ်စွဲဆိုသူသည် ပစ်ချခံရလေပြီ။
11 ၎င်းတို့သည် သိုးငယ်တော်၏အသွေးတော်ကြောင့်လည်းေကာင်း၊ ကိုယ့်သက်သေခံခြင်းကြောင့်လည်းေကာင်း၊ အသေခံရသည့်တိုင်အောင် ကိုယ့်အသက်ကိုမနှမြောဘဲ အောင်မြင်ကြလေပြီ။
12 သို့ဖြစ်၍ အချင်းကောင်းကင်တည်နေသမျှတို့၊ ရွှင်လန်းကြလော့။ ရေမြေ၌မူကား ခေတ်အနည်းငယ်သာရတော့သည်ကိုသိသဖြင့် မာရ်နတ်အမျက်ခြောင်းခြောင်းထွက်လျက် ကျရာက်ပြီဖြစ်သောကြောင့် အမင်္ဂလာရှိလေစွဟု ကြွေးကြော်သည်ကိုငါကြားရ၏။
13 မြေကြီးပေါ်သို့ပစ်ချသည်ကို သိမြင်သည့်ကာလ နဂါးသည် သားယောက်ျားဖွားသော မိန်းမကိုညှဉ်းပန်းရာ၊
14 တစ်ကာလ၊ ကာလများနှင့်၊ ကာလဝက်ပတ်လုံး မြွေဘေးလွတ်၍ အကျွေးအမွေးခံရမည့် တောနေရာသို့ပျံနိုင်ရန် ရွှေလင်းတကြီးအတောင်တစ်စုံကိုခံယူရ၏။
15 မြွေသည် ထိုမိန်းမကိုရေလွှမ်းမိုးစေခြင်းငှါ ခံတွင်းမှမြစ်ကဲ့သို့ ရေထုတ်လိုက်သော်၊
16 မြေကြီးဟလျက် နဂါးထုတ်လိုက်သောမြစ်ကိုမျို၍ မိန်းမကိုကယ်ဆယ်သည့်အတွက်၊
17 နဂါးသည် ထိုမိန်းမကိုအမျက်ထွက်သဖြင့် ဘုရားသခင့်ပညတ်တော်များကိုစောင့်ရှောက်၍ ယေရှုအကြောင်းသက်သေခံမြဲခံရသူ၊ ထိုမိန်းမအမျိုးအနွယ်အကြွင်းအကျန်တို့နှင့် စစ်ပြိုင်ရန်ထွက်သွားလျက် သမုဒ္ဒရာသောင်ပေါ်မှာ စွဲရပ်လေ၏။