7
1-2 ရှောလမုန်မင်းသည် တောင်းလျှောက်မှုကို အဆုံးသတ်ပြီးနောက် ကောင်းကင်မှ မီးကျ၍ မီးရှို့ရာသက္ကာနှင့်မိတ်သက္ကာများကို ကျွမ်းလောင်ရာ ဗိမာန်တော်၌ထာဝရဘုရား၏ ဘုန်းတော်ပြည့်လျက်ရှိသောကြောင့် ပရောဟိတ်တို့သည် ဗိမာန်တော်တွင်းသို့ မဝင်ဝံ့ကြချေ။ မီးကျ၍ ဗိမာန်တော်ကို ထာဝရဘုရား၏ဘုန်းတော်လွှမ်းမိုးသည့်ကာလ ဖူးလျက်နေသော ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခင်းပေါ်တွင် ပျပ်ဝပ်ရှိခိုးလျက် ထာဝရဘုရား သည် ကောင်းမြတ်တော်မူ၍ ကာလအစဉ်ကရုဏာတော်တည်သည်ဟု ကျေးဇူးတော်ကိုချီးမွမ်းကြ ပြီးလျှင် ဘုရင်မင်းမှစ၍ တစ်ပရိသတ်လုံးသည် ထာဝရဘုရားရှေ့တော်တွင် ဆက်ကပ်ပူဇော်ကြ၏။ နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်းနှစ်သောင်းများကို ရှောလမုန်မင်းဆက်ကပ်ပူဇော်စေသည့်အလျောက် ဘုရင်မင်းမှစ၍ တစ်ပရိသတ်လုံးသည် ဘုရားသခင့်ဗိမာန်တော်ကိ အနုမောဒနာ ပြုကြကုန်၏။ ပရောဟိတ်တို့သည် ကိုယ့်တာဝန်ကိုဆောင်ရွက်ကြစဉ်၊ တီးမှုတ်သီဆိုခြင်းအားဖြင့်၊ ကာလ အစဉ်ကရုဏာတော်တည်သည်ဟူ၍ ဂုဏ်တော်ကိုချီးမွမ်းလေ့ရှိသည့်အတိုင်း ဒါဝိဒ်မင်းစီမံခဲ့သော တုရိယာမျိုးကို လေဝိဂိုဏ်းသားတို့ တီးမှုတ်လျက် ပရောဟိတ်တို့သည် တံပိုးမှုတ်လျက် ဣသရေလ လူအပေါင်းတို့ရပ်နေကြကုန်၏။ ရှောလမုန်မင်းတည်လုပ်သော ပူဇော်ရာကားပလ္လင်တော်သည် မီးရှို့ရာသက္ကာ၊ ဘောဇဉ် သက္ကာနှင့်ဆီဥကို မဆံ့သောကြောင့်၊ ထာဝရဘုရား၏ဗိမာန်တော်ရှေ့၊ တံတိုင်းဗဟိုချက်ကို သီးသန့် ထား၍ ထိုဌာနတွင် မီးရှို့ရာသက္ကာနှင့်မိတ်သဟာယသက္ကာဆီဥကို ပူဇော်ရ၏။ ထိုကာလရှောလမုန်မင်းသည် ဟာမတ်မြို့လမ်းဝမှစ၍ အိဂျစ်ချောင်းတိုင်အောင် အရပ်ရပ်က လာရောက်ကြသော ဣသရေလပရိသတ်ကြီးနှင့်တကွ ပူဇော်ရာပလ္လင်တော်အနုမောဒနာပွဲခုနစ်ရက်၊ ပူဇော်ပွဲခုနစ်ရက် ကျင်းပပြီးနောက် ရှစ်ရက် မြောက်သောနေ့တွင် အစုအရုံးကြီးကို ပြုကြကုန်၏။ 10 သတ္တမလနှစ်ဆယ့်သုံးရက်တွင် ပရိသတ်ကို နေအိမ်များသို့လွှတ်လိုက်ရာ သူတို့သည် ဒါဝိဒ်မင်း၊ ရှောလမုန်မင်းတို့နှင့် ဣသရေလလူမျိုးတော်အား ထာဝရဘုရားပြုတော်မူသော ကျေးဇူး တော်ကြောင့် အားရဝမ်းမြောက်စွာ ပြန်သွားကြကုန်၏။
11 ရှောလမုန်မင်းသည် ဗိမာန်တော် နန်းတော်များကို ကြံရွယ်သမျှထမြောက်၍ အပြီးသတ် သည့်ကာလ 12 ညဉ့်အခါထာဝရဘုရားထင်ရှားလျက် ဗျာဒိတ်ပေးတော်မူသည်မှာ ငါသည်သင့်ပဌနာကို နာယူ၍ ပူ​ဇော်ရာဗိမာန်အဖြစ် ဤဌာနကိုရွေးချယ်ပြီ။ 13 မိုးမရွာအောင်ပိတ်ဆို့ခြင်း၊ ပြည်တော်ကိုကျိုင်းကောင်စားခြင်း၊ လူမျိုးတော်၌ ရောဂအန္တရ ကပ်သင့်ခြင်းများကို ငါစီမံသည့်ကာလ 14 ငါ့နာမဖြင့် သမုတ်ခံရသော လူမျိုးတော်သည် စိတ်နှိမ့်ချစွာ ပဌနာပြု၍ ငါ့မျက်နှာကိုလိုက်ရှာ လျက် ဒုစရိုက်လမ်းကိုကြဉ်ရှောင်လျှင် ကောင်းကင်ဘုံမှ ငါနားညောင်း၍ အပြစ်ကိုလွှတ်သည့်ပြင်၊ နေပြည်ကိုလည်း ချမ်းသာစေမည်။ 15 ယခုမှစ၍ ဤဌာန၌ပြုသောပဌနာကို နားညောင်းလျက် အာရုံပြုမည်။ 16 ဤဗိမာန်ကို ငါရွေးချယ်သီးသန့်ထားလျက် နာမတော်တည်မြဲစေသည့်အတိုင်း အစဉ်မပြတ် ငါမျက်မှောက်ပြု၍အရေးယူမည်။ 17 သင်သည် ငါမိန့်မှာတိုင်းပြု၍ ထုံးဖွဲ့ဆုံးဖြတ်ချက်များကို စောင့်ထိန်းလျက်၊ သင့်အဘဒါဝိဒ်ကဲ့သို့ ငါ့မျက်မှောက်တွင် လိုက်လျှောက်လျှင်၊ 18 ဣသရေလနိုင်ငံကို အုပ်စိုးရသောသင့်အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ပဋိညာဉ်ဖွဲ့ ခဲ့သည့်အတိုင်း သင့်ရာဇပလ္လင်ကို ငါတည်မြဲစေမည်။ 19 သင်တို့သည် ငါစီရင်ခဲ့သောထုံးဖွဲ့မိန့်မှာချက်များကို စွန့်ပယ်၍ နောက်တော်မှတွန့်ဆုတ်လျက် အခြားဘုရားများနောက်လိုက်သွားဝတ်ပြုရှိခိုးကြလျှင်မူကား၊ 20 ပေးထားသောပြည်တော်မှ ဆွဲနုတ်လျက်၊ ငါ့နာမအဖို့သီးသန့်ထားခဲ့သောဤဗိမာန်ကိုလည်း မျက်မှောက်မှစွန့်ပယ်၍ လူအမျိုးမျိုးတို့တွင် ပုံခိုင်းရာ၊ ပြောင်လှောင်ရာဖြစ်စေမည်။ 21 မြင့်မြတ်သောဤဗိမာန့်အနီး သီသွားသူအပေါင်းတို့ အံ့အားသင့်လျက် ထာဝရဘုရားသည် ထိုပြည်နှင့်ထိုဗိမာန်ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်းဟု မေးမြန်းသော်၊ 22 အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ဘိုးဘေးတို့ဘုရားသခင် ထာဝရဘုရားကို သူတို့စွန့်၍ အခြားဘုရားများထံ မှီဝဲရှိခိုးဝတ်ပြုကြသောကြောင့် ထိုဘေးဆိုးအလုံးစုံသင့်ရောက်စေတော်မူ ကြောင်း ပြောကြလတ္တံ့ဟု မိန့်တော်မူ၏။