6
ထိုနောက် ရှောလမုန်မင်းက၊ မှောင်အတိတွင် ငါစံနေမည်ဟု ထာဝရဘုရားမိန့်တော်မူပါပြီ။ စံတော်မူရာဗိမာန်၊ အစဉ်ကိန်းဝပ်ရာဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟုလျှောက်ဆိုပြီးလျှင်၊ လှည့်ကြည့်၍ ရပ်နေကြသော ဣသရေလပရိသတ်ကိုကောင်းကြီးပေးသည်မှာ 4-6 လူမျိုးတော်ကို အိဂျစ်ပြည်မှထုတ်ဆောင်ကတည်းက ဣသရေလအနွယ်အပေါင်းတို့နေသောမြို့ရွာများအနက် နာမတော်တည်ရာဗိမာန်တော်ဆောက်ရန် မြို့တစ်မြို့ကိုသော်လည်းေကာင်း၊ လူမျိုးတော် ဣသရေလအပေါ်တွင် အုပ်စိုးသူတစ်ဦးသော်လည်းေကာင်း၊ မရွေးချယ်ဘဲ နာမတော်တည်ရာယေရုရှလင်မြို့နှင့် ထိုလူမျိုးအပေါ်တွင် သင်ဒါဝိဒ်ကို ငါရွေးချယ်ခန့်ထားပြီဟု ခမည်းတော်ဒါဝိဒ်မင်းအား ဗျာဒိတ်ပေးတော်မူသည့်အတိုင်း လက်ရုံးတော်ဖြင့် အတည်ပြုတော်မူသော ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားနာမတော်အဖို့ ဗိမာန်တော်ကို ခမည်းတော်ဒါဝိဒ်မင်းတည်ဆောက်ရန် ကြံရွယ်သော်လည်း ထာဝရဘုရားက၊ ငါ့နာမအဖို့ ဗိမာန်တော်တည်ဆောက်ရန် ကြံရွယ်သည်ကား သင့်မြတ်၏။ သို့ရာတွင် သင့်ကိုယ်တိုင်ဗိမာန်တော်တည်ဆောက်ခွင့်မရ၊ ရင်သွေးဖြစ်သောသင့်သားသာလျှင် ငါ့နာမအဖို့ဗိမာန်တော်ကိုတည်ဆောက်ခွင့်ရလိမ့်မည်ဟု ခမည်းတော်ဒါဝိဒ်မင်းအား ထာဝရဘုရား မိန့်တော်မူ၏။ 10 ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ငါသည်ခမည်းတော်ဒါဝိဒ်မင်းအရိုက်အရာ၌ပေါ်ထွန်း၍ ဣသရေလရာဇပလ္လင်ထက်ထိုင်လျက် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား နာမတော်အဖို့ ဗိမာန်တော်တည်ဆောက်ရသည်မှာ ထိုဗျာဒိတ်တော်ကို ထာဝရဘုရားအတည်ပြု တော်မူပြီ။ 11 ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သော ပဋိညာဉ်တရားတော်ပါရှိသည့် သေတ္တာတော်ကိုလည်း ဗိမာန်တော်တွင် ငါသွင်းထားပြီဟု မြွက်ဆိုလေ၏။
12-13 ထိုအခါ ရှောလမုန်မင်းသည် အလျား အနံ ငါးတောင်စီ၊ အမြင့်သုံးထောင်ရှိ တံတိုင်း အလယ်တွင်လုပ်ထားခဲ့သော ကြေးခုံပေါ်သို့တက်၍ ဒူးထောက်လျက် ဣသရေလလူမျိုးပရိသတ် ဥဿုံမျက်မှောက်တွင် ထာဝရဘုရား၏ပူဇော်ရာပလ္လင်တော်ရှေ့၊ လက်အုပ်ချီ၍ပဌနာပြုသည်မှာ 14-15 အိုဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ မျက်မှောက်တော်တွင် စိတ်နှလုံး အကြွင်းမဲ့ကျင့်ကြံပြုမူသောကိုယ်တော်၏ကျွန်များအား ပဋိညာဉ်နှင့်ကရုဏာတော်ကိုစောင့်ခြင်း၊ ကျွန်တော်ရင်းခမည်းတော်ဒါဝိဒ်မင်းအား ထားခဲ့သောသစ္စာတော်ကိုထိန်းခြင်း၊ ဗျာဒိတ်တော်ပေး၍ ယနေ့ဖြစ်လာသည့်အတိုင်း လက်ရုံးတော်ဖြင့် အတည်ပြုခြင်းများကို စီရင်တော်မူသောကိုယ်တော် နှင့်တူသောဘုရား၊ မိုးမြေ၌မရှိပါ။ 16 သို့ဖြစ်၍ အိုဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ငါ့မျက်မှောက်တွင် သင်လိုက်လျှောက်သည့်အတိုင်းသားမြေးတို့လည်း ငါ့ပညတ်တရား၌ လိုက်လျှောက်ရာလမ်းကိုသတိပြုကြလျှင် ငါ့ရှေ့ဣသရေလရာဇပလ္လင်ထက်စံရသော သင့်အမျိုးမင်းရိုးမပြတ်ရဟု ကျွန်တော်ရင်းခမည်းတော် ဒါဝိဒ်မင်းအားထားခဲ့သောသစ္စာတော်ကို စောင့်တော်မူပါ။ 17 အိုဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်ရင်းဒါဝိဒ်မင်းအား မိန့်ဘူးသော ဗျာဒိတ်တော်ကို ယခုတည်မြဲစေတော်မူပါ။ 18 သို့သော်လည်း၊ လူ့ဘောင်တွင် ဤမြေပထဝီ၌ ဘုရားသခင်မုချစံနေတော်မူပါမည်လော။ ဘဝဂ်အထိ ကောင်းကင်အထပ်ထပ်မှာပင် ကိုယ်တော်မဆံ့နိုင်ပါလျှင် အကျွန်ုပ်တည်ဆောက်သော ဤဗိမာန်တော်ကား သာ၍မဆံ့လေစွ။ 19 အိုထာဝရဘုရားသခင်၊ ကျွန်တော်မျိုးတောင်းလျှောက်ချက်၊ အသနားတော်ခံချက်ကိုငဲ့၍ ပြုသောပဌနာကို နားညောင်းတော်မူသဖြင့် 20 နာမတော်တည်မည်ဟူ၍ ရည်ရွယ်တော်မူသော ဤဌာန၊ ဤဗိမာန်တော်ကို နေ့ညဉ့်မဟူ မျက်မှောက်ပြုတော်မူသည့်အလျောက် ဤဌာနသို့မျက်နှာမူလျက် ကျွန်တော်မျိုးတောင်းလျှောက်ချက်ကို နားညောင်းတော်မူပါ။ 21 ကျွန်တော်မျိုးမှစ၍ ဣသရေလလူမျိုးတော်သည် ဤဌာနသို့မျက်နှာမူလျက် အသနားတော်ခံ တောင်းလျှောက်ချက်ကို စံနေတော်မူရာ ကောင်းကင်ဘုံမှနားညောင်း၍ ချမ်းသာပေးတော်မူပါ။
22 လူတစ်ဦးသည် သူတစ်ပါးကိုပြစ်မှား၍ သစ္စာဆိုရန် တာဝန်ရှိသည့်အတိုင်း ဤဗိမာန်တော်တွင် ပူဇော်ရာပလ္လင်တော်ရှေ့ ဝင်ရောက်သစ္စာဆိုလျှင် 23 ကောင်းကင်ဘုံမှနားညောင်းတော်မူ၍ ဆိုးသူ့ဦးထိပ်ထက် ချင့်အလေ့အလာအကျိုးဆက်ကိုလည်းေကာင်း၊ ဖြောင့်သူ့အားဖြောင့်သည့်အတိုင်း လွတ်ရာကောင်းကျိုးကိုလည်းေကာင်း၊ ကိုယ်တော့်ကျွန်များအပေါ်တွင် စီရင်၍ ဆပ်ပေးတော်မူပါ။
24 ဣသရေလလူမျိုးတော်သည် ကိုယ်တော်အားပြစ်မှားမိသည့်အတွက် ရန်သူတို့ရှေ့ရှုံးနိမ့်ခံရ သောအခါ ပြန်လာ၍နာမတော်ကိုဝန်ခံလျက် ဤဗိမာန်တော်တွင် အသနားတော်ခံတောင်းလျှောက် ကြလျှင် 25 ကောင်းကင်ဘုံမှနားညောင်းလျက် ဣသရေလလူမျိုးတော်၏အပြစ်ကို ဖြေလွှတ်၍ ဘိုးဘေးတို့နှင့်သူတို့အား ပေးသနားခဲ့သောပြည်သို့ ပို့ဆောင်တော်မူပါဦး။ 26 ကိုယ်တော်အားပြစ်မှားမိသည့်အတွက် မိုးမရွာအောင်ပိတ်ဆို့လျက် ဆုံးမတော်မူသောအခါ ဤဗိမာန်တော်သို့မျက်နှာမူလျက် နာမတော်ကိုဝန်ခံ၍ ဒုစရိုက်မှုရှောင်ကြဉ်ကြလျှင် 27 ကောင်းကင်ဘုံမှနားညောင်း၍ ကိုယ်တော်၏ကျွန်ဖြစ်သူ ဣသရေလလူမျိုးတော့်အပေါ်တွင် အပြစ်ဖြေလွှတ်သည့်ပြင် လိုက်အပ်သောလမ်းကောင်းညွှန်ပြတော်မူလျက် လူမျိုးတော်အား အပိုင်ပေးခဲ့သောပြည်တော်တွင် မိုးရွာစေတော်မူပါ။ 28 ပြည်တော်၌ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ ဒဟဝါယောကပ်၊ ပိုးကောင်၊ ကျိုင်းကောင်၊ နှံကောင်၊ စားခြင်းကပ်၊ တိုင်းပြည်မြို့ရွာများကို ရန်သူဝန်းဝိုင်းခြင်းကပ်မှစသော မည်သည့်ရောဂါ၊ မည်သည့်ဒဏ်ချက်မဆို သင့်သောအခါ 29 ဣသရေလလူမျိုးတော်အနက် ဒဏ်ချက်နှင့်ဝေဒနာကိုသိသူတိုင်း၊ ဤဗိမာန်တော်သို့လက်အုပ်ချီလျက် အသနားတော်ခံတောင်းလျှောက်လျှင် 30-31 စံတော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူလျက် ဘိုးဘေးတို့အား ပေးတော်မူခဲ့သော ပြည်တွင် အသက်တည်သမျှကာလပတ်လုံး ကိုယ်တော်ကိုခန့်ညားရသည့်ပြင်၊ နည်းလမ်းတော်များ ၌ လိုက်လျှောက်ကြစေရန် လူ့သားတို့စိတ်သဘောကို ကိုယ်တော်သာလျှင် သိသည်နှင့်အညီ အသီးအသီး၌ သိတော်မူတိုင်း အကျိုးအပြစ်အေလျာက်စီရင်၍ ချမ်းသာပေးတော်မူ၏။
32 ဣသရေလလူမျိုးတော်မဟုတ်သော လူမျိုးခြားတို့လည်း မဟာနာမတော်နှင့် အားကြီးစွာ ဆန့်တန်းသောလက်ရုံးတော်အတွက် ဝေးလှသောပြည်မှပင်ရောက်လာ၍ ဤဗိမာန်တော်သို့ မျက်နှာမူလျက် တောင်းလျှောက်ကြလျှင် 33 ခံတော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ဣသရေလလူမျိုးတော်နှင့်ထပ်တူ နာမတော်ကို မြေတစ်ပြင်လုံးရှိလူအမျိုးမျိုးတို့ သိကျွမ်းခန့်ညားကြစေရန်လည်းေကာင်း၊ အကျွန်ုပ်တည် ဆောက်သောဤဗိမာန်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းသိကြစေရန်လည်းေကာင်း၊ ထိုလူမျိုးခြားတို့ ပဌနာပြုသည့်အတိုင်း စီရင်တော်မူပါ။ 34 ကိုယ်တော်စေလွှတ်တော်မူသည့်အတိုင်း ရန်သူတို့ကိုတိုက်ခိုက်ရန် လူမျိုးတော်ချီထွက်ရသောအခါ ရွေးချယ်တော်မူသောမြို့နှင့် နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော ဤဗိမာန်တော်သို့မျက်နှာမူလျက် ကိုယ်တော့်ထံတောင်းလျှောက်ကြလျှင် 35 အသနားတော်ခံတောင်းလျှောက်ချက်ကို ကောင်းကင်ဘုံမှနားညောင်း၍ သူတို့အရေးကို မိုင်းမတော်မူပါ။ 36 အပြစ်ကင်းသူတစ်စုံတစ်ယောက်မျှမရှိသည်နှင့်အညီ လူမျိုးတော်သည် ကိုယ်တော်အား ပြစ်မှားမိသည့်အတွက် အမျက်တော်ထား၍ အပ်နှင်းတော်မူသည့်အတိုင်း အနီးအဝေးအပြည်ပြည်သို့ ရန်သူတို့သုံ့ဘမ်းသိမ်းသွားရသည်ဖြစ်သော်၊ 37 ပါသွားရသောထိုပြည်၌ စိတ်ပြောင်းလျက် နောင်တရ၍ အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ လွန်ကျူး မိပါပြီ။ ဒုစရိုက်ကိုပြုမိပါပြီဟု အသနားတော်ခံသည်နှင့်အညီ 38 သုံ့ဘမ်းပါသွားရသောပြည်မှပင် စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့ကိုယ်တော့်ထံ ပြန်လာသည့်ပြင် ဘိုးဘေးတို့အား ပေးတော်မူခဲ့သောပြည်၊ ရွေးချယ်တော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောဗိမာန်တော်သို့ မျက်နှာမူလျက် ကိုယ်တော့်ထံ တောင်းလျှောက်ကြလျှင် 39 အသနားတော်ခံ တောင်းလျှောက်ချက်များကို စံတော်မူရာကောင်းကင်ဘုံမှနားညောင်း၍ သူတို့အရေးကိုမိုင်းမလျက် ကိုယ်တော်အားပြစ်မှားမိသောလူမျိုးတော်ကို ချမ်းသာပေးတော်မူပါ။ 40 အိုအကျွန်ုပ်ဘုရားသခင်၊ ယခုမှစ၍ ဤဌာန၌ပြုသောပဌနာကို နားညောင်းလျက် အာရုံပြု တော်မူပါ။ 41 အိုထာဝရဘုရားသခင်၊ တန်ခိုးတော်ဆိုင်ရာသေတ္တာတော်နှင့်တကွ စံတော်မူရာသို့ တက်ကြွ တော်မူပါ။ အိုထာဝရဘုရားသခင်၊ ကိုယ်တော်၏ပရောဟိတ်တို့သည် ကယ်တင်ခြင်းကိုဆင်ယင်၍ ကြည်ညိုသူတို့လည်း ကောင်းစားဝမ်းမြောက်စေတော်မူပါ။ 42 အိုထာဝရဘုရားသခင်၊ ကိုယ်တော့်ကျွန်ဒါဝိဒ်၌ သက်သောမေတ္တာကျေးဇူးတော်ကို အောက်မေ့လျက် ဘိသိက်တော်ခံမင်းကို မျက်နှာမဲ့စေတော်မမူပါလင့်ဟု ပဌနာပြုလေ၏။