30
1-3 ပရောဟိတ်တို့သည် လုံလောက်အောင် မသန့်ရှင်းသေးသောကြောင့်လည်းေကာင်း၊ ပြည်သူပြည်သားတို့လည်း၊ ယေရုရှလင်မြို့တွင်မစုဝေးသောကြောင့်လည်းေကာင်း၊ ထိုလတွင်ပသခါပွဲကို မကျင်းပနိုင်သည့်အတွက်၊ ဒုတိယလတွင်ကျင်းပမည်ဟု ဘုရင်မင်းနှင့်၊ မှူးတော်မတ်တော်၊ ယေရုရှလင်မြို့ရှိလူပရိသတ်တို့ ညီညွတ်ကြသည်နှင့်အညီ၊ ဟေဇကိမင်းသည်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ၊ ယေရုရှလင်ဗိမာန်တော်သို့လာရောက်၍ ပသခါပွဲတော်ကိုကျင်းပကြစေရန်၊ ဧဖရိမ်၊ မနာရှေ့အနွယ်မှစသော၊ ဣသရေလ၊ ယုဒ တစ်မျိုးလုံးအား၊ အမှာတော်စာပို့လိုက်လေ၏။ ထိုသို့ဘုရင်မင်းနှင့် လူပရိသတ်တို့သဘောတူကြသဖြင့်၊ ဣသရေလလူအမြောက်အမြားတို့သည်၊ ပညတ်တရားတော်အတိုင်း၊ ပသခါပွဲကိုကျင်းပလေ့မရှိသည့်အတွက်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ၊ ယေရုရှလင်မြို့သို့လာရောက်ကျင်းပကြစေရန်၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ပြည်လုံးနှံ့ဖိတ်ကြားကြေငြာလိုက်၏။ အမိန့်တော်အတိုင်း၊ ဣသရေလနှင့် ယုဒပြည်တစ်လျှောက် ခြေလျင်တော်ဆောင်သွားသော၊ ဘုရင်မင်းနှင့်မှူးမတ်တို့ ခေါ်ဖိတ်စာဟူမူကား၊ အိုဣသရေလအမျိုးသား တို့၊ အာရှုရိဘုရင်တို့လက်တွင်းမှလွတ်မြောက်ကျန်ကြွင်းသောသင်တို့ရှိရာသို့၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင်ထာဝရဘုရားပြန်ကြွတော်မူစေခြင်းငှာ၊ ကိုယ်တော့် ထံပြန်လာကြလော့။ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား သစ္စာတော်ကိုဖောက်ကျော်သည့်အတွက်၊ သင်တို့သိကြသည့်အတိုင်း၊ အံ့ဖွယ်သရဲဖြစ်သော ဘိုးဘေးတို့နှင့် ဆွေမျိုးသားချင်းနည်းတူ၊ စိတ်မခဲယဉ်းကြဘဲ၊ သင်တို့မှအမျက်တော်ဒဏ်လွှဲစိမ့်သောငှာ၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံ ကိုယ်ကိုအပ်နှံလျက်၊ ကာလအစဉ်သီးသန့်ထားတော်မူသော ဗိမာန်တော်သို့ဝင်၍ဝတ်ပြုကြလော့။ ထာဝရဘုရားထံ သင်တို့ပြန်လာလျှင်၊ ညီအစ်ကိုသားသမီးတို့သည်၊ သိမ်းသွားသူတို့ရှေ့ကရုဏာသက်ခြင်းကိုခံရ၍၊ နေရင်းပြည်သို့ပြန်လာခွင့်ရကြလိမ့်မည်။ ကိုယ် တော့်ထံပြန်လာကြလျှင်၊ ကျေးဇူးကရုဏာနှင့်ပြည့်စုံတော်မူသော၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ မျက်နှာလွှဲတော်မူမည်မဟုတ်ဟူ၍တည်း။ 10 ခြေလျင်တော်တို့သည်၊ ဧဖရိမ်၊မနာရှေနယ်တစ်လျှောက်မှစ၍ဇာဗုလုန်နယ်တိုင်အောင်၊ တစ်မြို့မှတစ်မြို့သို့သွားရောက်ကြရာ၊ ပြည်သူပြည်သားတို့ပြက်ရယ်ပြု၍ ကဲ့ရဲ့ကြသော်လည်း၊ 11 အာရှာ၊ မနာရှေ၊ ဇာဗုလုန်အနွယ်သားတို့အနက်၊ စိတ်နှိမ့်ချသူအချို့တို့သည် ယေရုရှလင်မြို့သို့လာရောက်ကြသည့်ပြင်၊ 12 ထာဝရဘုရားဗျာဒိတ်တော်ခံဘုရင်မင်းနှင့် မှူးမတ်တို့အမိန့်အတိုင်း၊ တစ်ညီတစ်ညွတ်တည်း လိုက်နာကြစိမ့်သောငှာ၊ ယုဒလူမျိုးအပေါ်တွင် ဘုရားသခင့်လက်ရုံးတော်တည်သည်ဖြစ်၍၊ 13 ဒုတိယလ၌ တဆေးမဲ့မုန့်ပွဲကိုကျင်းပကြရန်၊ ယေရုရှလင်မြို့သို့ပရိသတ်အမြောက်အမြား ရောက်လာကြကုန်၏။ 14 ထိုသူတို့သည်၊ ယေရုရှလင်မြို့ရှိ ယဇ်ပလ္လင်များနှင့်၊ နံသာပေါင်းတင်ရှို့ရာပလ္လင်များကိုပယ်ရှား၍၊ ကေဒြုန်ချိုင့်ထဲသို့ပစ်ချပြီးလျှင်၊ 15 ဒုတိယလ၊ ဆယ့်လေးရက်တွင်၊ ပသခါသိုးသားငယ်ကို စီရင်ကြသည့်အတွက်၊ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့အရှက်ရသဖြင့်၊ ကိုယ်ကိုသန့်ရှင်းစေပြီးမှ၊ မီးရှို့ရာ သက္ကာများကို ဗိမာန်တော်သို့ဆက်သွင်းကြ၏။ 16 ဘုရားသခင့်လူယုံတော်မောရှေ၏ ဆုံးဖြတ်ချက်အရ၊ ရာထူးအလိုက် ရပ်နေလျက်၊ လေဝိဂိုဏ်းသားတို့အပ်ပေးသောအသွေးကို၊ ပရောဟိတ်တို့သွန်းပက်ရကြ၏။ 17-20 လူပရိသတ်တို့အနက် ဧဖရိမ်၊ မနာရှေ၊ ဣသခါ၊ ဇာဗုလုန်အနွယ်သား အမြောက်အမြားတို့သည်၊ ကိုယ်ကို မသန့်ရှင်းစေဘဲ၊ ပညတ်တရားတော်ကိုဖီဆန်၍ ပသခါပွဲ ကို စားကြသော်လည်း၊ ဟေဇကိမင်းက၊ ထုံးဖွဲ့တော်မူချက်တိုင်း မသန့်ရှင်းရဘဲ၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားကို ရှာဖွေရန် စိတ်စွဲလမ်းသူတိုင်းအား၊ ကောင်းမြတ်တော် မူသောထာဝရဘုရားချမ်းသာပေးတော်မူပါစေသောဟုတောင်းလျှောက်သည်နှင့်အညီ၊ ထိုသူတို့ကိုထာဝရဘုရားချမ်းသာပေးတော်မူသည်ဖြစ်၍၊ လေဝိဂိုဏ်းသားတို့သည်၊ မစင် ကြယ်သူဟူသမျှကို ထာဝရဘုရားရှေ့သန့်ရှင်းရာရောက်စေရန်၊ ၎င်းတို့အဖို့ပသခါ သိုးသားငယ်များကိုစီရင်ရကြ၏။ 21 ယေရုရှလင်မြို့၌စုဝေးသော ဣသရေလအမျိုးသားတို့သည်၊ ခုနစ်ရက်ပတ်လုံးအားရဝမ်းမြောက်စွာ တဆေးမဲ့မုန့်ပွဲကို ကျင်းပကြရာ၊ ပရောဟိတ်နှင့် လေဝိဂိုဏ်းသား တို့သည်၊ အသံမြည်သောတုရိယာမျိုးဖြင့်၊ နေ့ညဉ့်မဟူ၊ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ၏။ 22 ဟေဇကိမင်းလည်း၊ ထာဝရဘုရား၏အမှုတော်ကို ကျွမ်းကျင်သောလေဝိဂိုဏ်းသားတို့အား၊ မေတ္တာစကားဖြင့်ပြောလေ၏။ ထိုသို့ခုနစ်ရက်ပတ်လုံး ပွဲကျင်းပစဉ်၊ စားသောက်လျက်၊ မိတ်သဟာယသက္ကာများကိုဆက်ကပ်လျက်၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားအား ချီးမွမ်းလျက်နေကြပြီးမှ၊ 23-24 လူပရိသတ်အပေါင်းတို့သည်၊ နောက်ခုနစ်ရက်ဆက်လက်ကျင်းပရန် ညီညွတ်ကြသည့်အတိုင်း၊ ယုဒဘုရင်ဟေဇကိမင်းက၊ နွားတစ်ထောင်နှင့်သိုးဆိတ်ခုနစ်ထောင်ကိုလည်းေကာင်း၊ မှူးမတ်တို့က၊ နွားတစ်ထောင်နှင့်သိုးဆိတ်တစ်သောင်းကိုလည်းေကာင်း၊ ပေးအပ်သည်ဖြစ်၍၊ လူပရိသတ်တို့သည်အားရဝမ်းမြောက်စွာဆက်လက်ကျင်းပကြကုန်၏။ ပရောဟိတ်အမြောက်အမြားတို့လည်း၊ ကိုယ်ကိုသန့်ရှင်း စေကြ၏။ 25 ထိုအခါ။ ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများမှစ၍၊ ယုဒပရိသတ်၊ ဣသရေလပြည်လာပရိတ်သတ်တို့နှင့်၊ ဣသရေလပြည်ခိုဝင်လာရောက်သူ၊ ယုဒပြည်ခိုဝင်သူ အပေါင်းတို့ပါ၊ အားရဝမ်းမြောက်ကြလေ၏။ 26 ဒါဝိဒ်မင်းသားတော်၊ ဣသရေလဘုရင်ရှောလမုန်မင်းလက်ထက်မှစ၍ ယေရုရှလင်မြို့၌ထိုသို့ပွဲမကျင်းပဘူးသောကြောင့်၊ အတိုင်းထက်အလွန်ဝမ်းမြောက်ရွှင်လန်း ကြကုန်၏။ 27 လေဝိအနွယ်ပရောဟိတ်တို့သည် ထ၍၊ လူပရိသတ်တို့အား ကောင်းကြီးမင်္ဂလာပေးကြသော်၊ စံတော်မူရာ ကောင်းကင်ဘုံသို့တက်ရောက်သော ကောင်းကြီးမင်္ဂလာသံကို၊ ထာဝရဘုရားနားညောင်းတော်မူသတည်း။