29
1 ဟေဇကိမင်းသည်၊ အိမ်နိမ့်နှစ်ဆယ့်ငါးနှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ နှစ်ဆယ့်ကိုးနှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား၊ ဇာခရိသမီးအဘိယတည်း။
2 ထိုမင်းသည်၊ ဘေးတော်ဒါဝိဒ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရား မျက်မှောက်တော်တွင် ဖြောင့်မှန်စွာ ပြုကျင့်သည်နှင့်အညီ၊
3 နန်းစံတစ်နှစ် ပဌမလတွင်၊ ဗိမာန်တော်တံခါးများကိုဖွင့်၍ပြုပြင်ပြီးမှ၊
4 ဗိမာန်တော်အရှေ့တံတိုင်းအတွင်း၊ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ကိုစုဝေးစေလျက်၊ မိန့်ဆိုသည်မှာ၊
5 အိုလေဝိအနွယ်သားတို့၊ နာခံကြလော့။ ကိုယ်ကိုလည်းေကာင်း၊ ဘိုးဘေးတို့ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်ကိုလည်းေကာင်း၊ သန့်ရှင်းစေလျက်၊ မသန့်ရာများကိုဌာနတော်မှ ထုတ်ပယ်ကြလော့။
6 ဘိုးဘေးတို့သည် သစ္စာတော်ကိုဖောက်ကျော်သဖြင့်၊ ငါတို့ဘုရားသခင် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုလျက်၊ ထာဝရဘုရားကိုစွန့်ခွာ၍၊ စံရာတော်ကိုကျောခိုင်းခြင်း၊ မျက်နှာလွှဲခြင်းပြုပြီးမှ၊
7 မုတ်ဆောင်တော်တံခါးများကိုပိတ်ထားခြင်း၊ မီးခွက်တော်များကိုငြိမ်းသတ်ခြင်းပြုသည့်ပြင်၊ ဣသရေလလူမျိုး၏ဘုရားသခင်အား၊ သန့်ရှင်းရာဌာနတော်တွင်၊ နံ့သာပေါင်းနှင့် မီးရှို့ရာသက္ကာများကိုမပူဇော်ဘဲနေကြသည်တကား။
8 သို့ဖြစ်၍၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့အပေါ်တွင်၊ ထာဝရဘုရား၏အမျက် တော်သင့်သည့်အတွက်၊ ယခုဒိဋ္ဌမြင်ကြသည့်အတိုင်း၊ ထိတ်လန့်ရာ၊ ပြက်ရယ်ပြုရာ၊ အံ့ဖွယ်သရဲဖြစ်စေတော်မူလေပြီ။
9 ထိုပြစ်မှုကြောင့်ပင်၊ ဘိုးဘေးတို့သည်၊ ဓားဖြင့်ကျဆုံး၍၊ သားမယားတို့လည်း သုံ့ဘမ်းခံရကြ၏။
10 အမျက်တော်ဒဏ်သည်၊ ငါတို့မှလွှဲဖယ်အံ့သောငှာ၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည့်အကြံရှိပါ၏။
11 ထာဝရဘုရားရှေ့တော်တွင် အမှုတော်ကို ဆောင်ရွက်လျက်၊ မီးဖြင့်ပူဇော်လျက်၊ ခစားကြစေရန်၊ အမှုတော်ဆောင်အဖြစ်ရွေးချယ်တော်မူခဲ့သော ငါ့သားတို့၊ လျစ်လျူမရှုကြနှင့်ဟုမိန့်ဆိုလေ၏။
12 ထိုအခါ၊ လေဝိအမျိုးကောဟတ်အနွယ်အာမသဲသားမာဟတ်နှင့် အာဇရိသားယောလ၊ မေရာရိအနွယ်အာဗဒိသားကိရှနှင့်၊ ယေဟလေလသားအာဇရိ၊ ဂေရရှုံ့အနွယ် ဇိမ္မသား ယောအာနှင့်၊ ယောအာ့သားဧဒင်၊
13 ဧလိဇဖန့်အနွယ် ရှိမရိနှင့်ယွေလ၊ အာသပ်ဂိုဏ်းသားဇာခရိနှင့်မဿနိ၊
14 ဟေမန့်ဂိုဏ်းသားယေဟေလနှင့်ရှိမိ၊ ယေဒုသုန်ဂိုဏ်းသားရှေမာယနှင့်ဩဇလတို့သည်၊
15 ဆွေမျိုးသားချင်းတို့ကိုခေါ်၍၊ ကိုယ်ကိုသန့်ရှင်းစေပြီးလျှင်၊ ထာဝရဘုရားဗျာဒိတ်တော်ခံဘုရင်မင်းအမိန့်တော်အတိုင်း၊ ဗိမာန်တော်ကိုစင်ကြယ်အောင်ပြုရန် ဝင်ကြကုန်၏။
16 ဗိမာန်တော်အတွင်းခန်းကိုစင်ကြယ်အောင်ပြုရန်၊ ပရောဟိတ်တို့ဝင်လျက်၊ မစင်ကြယ်ရာဟူသမျှကိုတံတိုင်းတော်သို့ထုတ်ပြီးမှ၊ လေဝိဂိုဏ်းသားတို့သယ်ပိုး၍ကေဒြုန်ချိုင့်သို့ပို့ကြ၏။
17 ပဌမလတစ်ရက်အစပြု၍၊ ရှစ်ရက်တိုင်လျှင် မုတ်ဆောင်တော်သို့ရောက်လျက်၊ ဗိမာန်တော်အတွင်း၊ ဒုတိယရှစ်ရက်ဆောင်ရွက်၍၊ ၎င်းလဆယ့်ခြောက်ရက်မြောက်သော်၊ ဗိမာန်တော်လုံးကိုသန့်ရှင်း၍ ပြီးစီးကြ၏။
18 ထိုနောက်၊ ဟေဇကိမင်းထံဝင်ပြီးလျှင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်မှစ၍၊ မီးရှို့ပူဇော်ရာပလ္လင်တော်နှင့်တကွ၊ ဆိုင်ရာအသုံးအဆောင်များကိုလည်းေကာင်း၊ ရှေ့တော်မုန့်တင် စားပွဲတော်နှင့်တကွ၊ ဆိုင်ရာအသုံးအဆောင်များကိုလည်းေကာင်း၊ စင်ကြယ်အောင်ပြုကြပါပြီ။
19 ၎င်းပြင်အာခတ်မင်းလက်ထက်သစ္စာတော်ဖောက်၍ စွန့်ပယ်ခဲ့သော အသုံးအဆောင်ရှိသမျှကိုလည်း၊ သန့်ရှင်းအောင်ပြုပြင်လျက်၊ ထာဝရဘုရား၏ ပူဇော်ရာပလ္လင်တော်ရှေ့၊ တင်ထားပါပြီဟု လျှောက်ဆိုကြ၏။
20 ဟေဇကိမင်းသည် နံနက်အချိန်ထ၍၊ စုဝေးစေသောမြို့ဝန်တို့ပါ၊ ဗိမာန်တော်သို့တက်ပြီးလျှင်၊
21 မင်းမျိုး၊ ဗိမာန်တော်နှင့်ယုဒလူမျိုးတို့အဖို့ အပြစ်ဖြေရာသက္ကာအဖြစ်ဆောင်ခဲ့သော ဆိတ်ထီးခုနစ်ကောင်နှင့်တကွ၊ နွား၊ သိုးထီး၊ သိုးသားငယ်ခုနစ်ကောင်စီကို၊ ထာဝရ ဘုရား၏ ပူဇော်ရာပလ္လင်တော့်ပေါ်မှာ ဆက်ကပ်စေခြင်းငှါ၊ အာရုန့်အနွယ် ပရောဟိတ်တို့အား မိန့်ဆိုသည့်အတိုင်း၊
22 နွားများကိုစီရင်၍၊ ပရောဟိတ်တို့သည်အသွေးကိုသယ်ယူလျက်၊ ပလ္လင်တော်ပေါ်တွင် သွန်းပက်ကြ၏။ သိုးကြီးသိုးငယ်တို့ကိုလည်းစီရင်၍၊ အသွေးကိုပလ္လင်တော်ပေါ်တွင် သွန်းပက်ကြပြီးမှ၊
23 အပြစ်ဖြေရာသက္ကာဆိတ်များကိုလည်း၊ ဘုရင်မင်းနှင့်ပရိသတ်ရှေ့ဆောင်သွင်းလျက် လက်တင်ကြပြီးနောက်၊
24 မီးရှို့ရာသက္ကာ၊ အပြစ်ဖြေရာသက္ကာများကို၊ ဣသရေလတစ်မျိုးလုံးအတွက်ဆက်ကပ်ရမည်ဟူသော ဘုရင်မင်းအမိန့်တော်အရ၊ ပရောဟိတ်တို့သည်စီရင်၍၊ တစ်မျိုးလုံး အပြစ်အဖို့ဖြေခြင်းကိုပြုရန်၊ ပလ္လင်တော့်ပေါ်မှာ အသွေးကိုဆက်ကပ်ပူဇော်ကြကုန်၏။
25 ပရောဖက်တော်တို့အားဖြင့်ထာဝရဘုရားပညတ်တော်မူခဲ့သည့်အတိုင်း၊ ဒါဝိဒ်မင်းမှစ၍ အမြော်အမြင်ဆရာတော်ဂဒ်နှင့်ပရောဖက်နာသန်တို့စီမံခဲ့သည့်အလျောက်၊ ခွက်ခွင်း၊ တယော၊ စောင်းကိုင်သောလေဝိဂိုဏ်းသားတို့ကို ဗိမာန်တော်တွင်နေစေသည်နှင့်၊
26 ဒါဝိဒ်မင်းစီမံခဲ့သော တုရိယာကိုင်သူလေဝိဂိုဏ်းသားများ၊ တံပိုးကိုင်သူပရောဟိတ်များရပ်နေကြစဉ်၊
27 မီးရှို့ရာသက္ကာကိုပလ္လင်တော်ပေါ်မှာဆက်ကပ်ကြစေဟု ဟေဇကိမင်းမိန့်ဆိုသည့်အတိုင်းပူဇော်လျှင်ပူဇော်ချင်း၊ ဣသရေလဘုရင်ဒါဝိဒ်မင်းစီမံခဲ့သောတုရိယာမျိုးကို အစချီ၍ တံပိုးမှုတ်ခြင်း၊ ထာဝရဘုရားအား ထောမနာသီဆိုခြင်းပြုလျက်၊
28 လူပရိသတ်အပေါင်းတို့ရှိခိုးနေကြစဉ်၊ မီးရှို့ရာသက္ကာမကုန်မချင်းပြုမြဲပြုကြကုန်၏။
29 ပူဇော်မှုပြီးစီးသောအခါ၊ ဘုရင်မင်းနှင့်အပေါင်းအပါတို့သည် ပျပ်ဝပ်ရှိခိုးကြ၏။
30 ဟေဇကိမင်းမှစ၍မှူးတော်မတ်တော်တို့လည်း၊ ဒါဝိဒ်မင်းနှင့်အဆိုတော် အာသပ်တို့လင်္ကာဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကို ဖွဲ့ဆိုကြစေရန်၊ လေဝိဂိုဏ်းသားတို့အားစီ မံသည်နှင့်အညီ၊ ရွှင်လန်းစွာသီဆိုလျက်၊ ပျပ်ဝပ်ရှိခိုးကြကုန်၏။
31 ထိုနောက်၊ ဟေဇကိမင်းက၊ သင်တို့သည် ထာဝရဘုရားအဖို့ ကိုယ်ကိုသီးသန့်ထားခဲ့သည်နှင့်အညီ၊ ချီးမွမ်းရာပူဇော်သက္ကာများကို၊ ဗိမာန်တော်သို့ဆောင်ယူချဉ်းကပ် ကြလော့ဟုမိန့်ဆိုသည့်အတိုင်း၊ လူပရိသတ်သည်၊ ချီးမွမ်းရာပူဇော်သက္ကာများကို ဆက်သွင်းလျက်၊ စေတနာထက်သန်သူတိုင်း၊ မီးရှို့ရာသက္ကာကိုလည်း ဆက်သွင်းလေ၏။
32 ထာဝရဘုရားထံမီးရှို့ရာသက္ကာအဖြစ် လူပရိသတ်ဆက်သွင်းကြသော အရေအတွက်ကား၊ နွားခုနစ်ဆယ်၊ ဆိတ်ထီးတစ်ရာ၊ သိုးသားငယ်နှစ်ရာတို့တည်း။
33 ထိုပြင်၊ သီးသန့်ထားသောအရေအတွက်ကား၊ နွားခြောက်ရာ၊ သိုးဆိတ်သုံးထောင်ဖြစ်သတည်း။
34 မီးရှို့ရာသက္ကာများကိုအရေခွာရန်ပရောဟိတ်မလုံလောက်သောကြောင့်၊ ပရောဟိတ်တို့ထက်၊ တည်ကြည်၍ကိုယ်ကိုသန့်ရှင်းစေသူ၊ ဆွေမျိုးသားချင်းလေဝိဂိုဏ်းသား တို့သည်၊ အမှုတော်မပြီးမချင်း၊ ပရောဟိတ်တို့လည်း ကိုယ်ကိုသန့်ရှင်းစေသည့်တိုင်အောင်၊ ကူညီရကြ၏။
35 မီးရှို့ရာသက္ကာ၊ ဆိုင်သောသွန်းလောင်းရာသက္ကာ၊ မိသဟာယသက္ကာ ဆီဥလည်းများပြားလှ၏။ ထိုသို့ဗိမာန်တော်သည် တည်မြဲပြည့်စုံလေ၏။
36 လူမျိုးတော်အဖို့ဘုရားသခင်စီစဉ်တော်မူသောဝတ်မှုကိုရုတ်တရက်ဆောင်ရွက်နိုင်ကြသောကြောင့်၊ ဟေဇကိမင်းနှင့်လူပရိသတ်အပေါင်းတို့သည်၊အားရဝမ်းမြောက် ကြကုန်၏။