14
အဘိယမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက်၊ ဒါဝိဒ်မြို့တော်တွင် စျာပနပြုခြင်းကိုခံရလျှင်၊ သားတော်အာသသည်၊ အရိုက်အရာ၌နန်းစံလေ၏။ ထိုမင်းလက်ထက်၊ ဆယ်နှစ်တိုင်တိုင်ပြည်ထဲရေးသာယာ၏။ အာသမင်းသည်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်သင့်လျော်စွာ ပြုကျင့်လျက်၊ မျိုးခြားယဇ်ပလ္လင်နှင့် မြင့်ရာဌာနများကိုပယ်ရှား၍၊ ကျောက်တိုင်၊ တံခွန်တိုင်များကို ခုတ်လှဲချိုးဖဲ့ပြီးလျှင်၊ ယုဒအမျိုးအား၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားကို ရှာဖွေလျက် ပညတ်တော်နှင့် တရားတော်အတိုင်းပြုကျင့်စေရန်၊ ထုတ်ဆင့်လေ၏။ ယုဒမြို့ရွာရှိမြင့်ရာဌာနနှင့်နေမင်းတိုင်များကိုပယ်ရှား၍၊ နိုင်ငံတော်ရေးသာယာ၏။ 6-7 ထိုကာလငြိမ်းခွင့်ကိုထာဝရဘုရားပေးတော်မူသည်နှင့်၊ ရန်ဆူးရန်ငြောင့်မရှိ။ ပြည်ထဲရေးသာယာသောကြောင့်၊ အာသမင်းက၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားကိုငါ တို့ရှာဖွေကြသည့်အတွက်၊ ပတ်ဝန်းကျင်အရပ်ရပ်၌ ငြိမ်းချမ်းခွင့်ပေးတော်မူသဖြင့်၊ ပြည်တော် သည် ငါတို့ပိုင်ဖြစ်သေး၏။ မြို့ရိုး၊ ရဲတိုက်၊ တံခါး၊ မင်းထုပ်များနှင့် ပြည့်စုံသောထိုထို ဤဤမြို့များကို တည်ထောင်ကြကုန်အံ့ဟု၊ ယုဒလူမျိုးတို့အား မိန့်ဆိုသည့်အတိုင်း၊ ခံတပ်များကို တည်ဆောက်ထမြောက်ကြကုန်၏။ အာသမင်း၌၊ ဒိုင်းလွှားရှည်နှင့်လှံကိုင် ယုဒသူရဲကောင်းသုံးသိန်း၊ ဒိုင်းလွှားဝိုင်းနှင့် လေးကိုင်ဗင်္ယာမိန့်သူရဲကောင်းနှစ်သိန်းရှစ်သောင်းရှိ၏။
ထိုနောက်၊ စစ်ရထားသုံးရာပါသူရဲတစ်သန်းနှင့်ကုရှဘုရင်ဇေရမင်းချီလာ၍ မရေရှမြို့သို့ ရောက်သော်၊ 10 အာသမင်းသည် ဆီးဆို့ရန်ထွက်ချီလျှင်၊ မရေရှမြို့အနီးဇေဖသချိုင့်၌ စစ်ခင်းကြရာ၊ 11 ကိုယ့်ဘုရားသခင်ထာဝရဘုရားထံဟစ်လျက်၊ အိုထာဝရဘုရား၊ အလုံးအရင်းကြီးနှင့်အားနည်းသူတို့ကြားတွင်၊ ကိုယ်တော်မှတစ်ပါး ထောက်မသူမရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကိုကိုးစားလျက်၊ နာမတော်ဖြင့် ဤအလုံးအရင်းကြီးအား၊ တိုက်ခိုက်ရန်ချီလာသောအကျွန်ုပ်တို့ကိုထောက်မတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ဘုရားသခင်ပေတည်း။ လူမျှသာဖြစ်သော ရန်သူတော်အားအောင်နိုင် ခွင့်ပြုတော်မမူပါလင့်ဟု တောင်းလျှောက်သည့်အတိုင်း၊ 12 အာသမင်းနှင့် ယုဒရဲမက်တို့ရှေ့၊ ဘုရားသခင်ဒဏ်စီရင်တော်မူသဖြင့်၊ ဆုတ်ပြေးရသောကုရှရဲမက်တို့ကို၊ 13 အာသမင်းနှင့်ဘက်ပါရဲမက်တို့သည် ဂေရာမြို့ရောက်လိုက်လံရာ၊ ထာဝရဘုရားနှင့်ဗိုလ်ထုတော်ရှေ့၊ အသက်ဘေးမလွတ်ဘဲ၊ ပျက်စီးကျဆုံးကြလေ၏။ ယုဒရဲမက်တို့လည်းလက်ရဥစ္စာအများသိမ်းယူ၍၊ 14 ထာဝရဘုရားထံမှဖြစ်ပွားသော ထိတ်လန့်ခြင်းသည် ဂေရာမြို့ပတ်ဝန်းကျင်ရှိမြို့ရွာအပေါ်သို့သက်ရောက်သဖြင့်၊ ဥစ္စာဓနများသော ထိုမြို့ရွာရှိသမျှကို လုပ်ကြံလုယူ ပြီးလျှင်၊ 15 တင်းကုပ်များပါဖြိုဖျက်လျက်၊ သိုး၊ ဆိတ်၊ ကုလားအုပ်များကိုယူ၍၊ ယေရုရှလင်မြို့သို့ပြန်သွားကြကုန်၏။