18
ထိုနောက် ဒါဝိဒ်မင်းသည် ဖိလိတ္တိလူမျိုးကိုလုပ်ကြံနှိမ်နင်း၍ ၎င်းတို့လက်မှ ဂါသမြို့နှင့်နိဂုံးများကိုသိမ်းယူလေ၏။ မောဘပြည်ကိုလည်းလုပ်ကြံရာ ပြည်သူပြည်သားတို့သည် ဒါဝိဒ်မင်းလက်အောက်ခံဖြစ်ကြသည့်အတိုင်း အခွန်အတုတ်ဆက်ရကြ၏။ ဥဖရတ်မြစ်တစ်လျှောက် အာဏာတော်တည်စေရန်ထွက်ချီသော ဇောဘဘုရင်ဟာဒဒေဇာမင်းကိုလည်း ဟာမတ်မြို့ရောက် ဒါဝိဒ်မင်းလုပ်ကြံရာ၊ စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းတို့ကိုဖမ်းဆီးပြီးမှ စစ်ရထားမြင်းတစ်ရာကိုသာသိမ်း၍ ကျန်သမျှမူကား သခေါက်ကြောကိုဖြတ်လေ၏။ ဇောဘဘုရင်ဟာဒဒေ​ဇာမင်းကိုစစ်ကူရန် ဒမာသက်မြို့မှချီလာသောရှုရိရဲမက်တို့အနက် နှစ်သောင်းနှစ်ထောင်တို့ကို ဒါဝိဒ်မင်းလုပ်ကြံပြီးမှ ဒမာသက်နိုင်ငံဝင်ရှုရိပြည်တွင်၊ မြို့စောင့်တပ်များကိုထား၍ ရှုရိပြည်သားတို့သည် ဒါဝိဒ်မင်းလက်အောက်ခံဖြစ်သည့်အတိုင်း အခွန်အတုတ်ဆက်ရကြ၏။ ဒါဝိဒ်မင်းချီလေရာရာ ထာဝရဘုရားအောင်မြင်စေတော်မူ၏။ ဟာဒဒေဇာမင်း၏ဗိုလ်မှူးတို့လက်မှ ရွှေဒိုင်းလွှားများကို ဒါဝိဒ်မင်းသိမ်း၍ ယေရုရှလင်မြို့သို့ဆောင်သွား၏။ ဟာဒဒေဇာမင်းပိုင် တိဗဟတ်မြို့၊ ခုန်မြို့များမှ ဒါဝိဒ်မင်းသိမ်းခဲ့သောကြေးများစွာဖြင့် ရှောလမုန်မင်းသည် ကြေး​ေရကန်၊ တိုင်၊ အသုံးအဆောင်များကို သွန်းလုပ်လေ၏။ ဇောဘဘုရင်၊ ဟာဒဒေဇာမင်း၏အလုံးအရင်းတို့ကို ဒါဝိဒ်မင်းလုပ်ကြံကြောင်း ဟာမတ်ဘုရင်တောဥမင်းကြားလျှင်၊ 10 ကိုယ့်ရန်ဘက်ဟာဒဒေဇာမင်းကို ဒါဝိဒ်မင်းတိုက်ခိုက်လုပ်ကြံသောကြောင့် အောင်ဆုသြဘာဆက်ရန် သားတော်ဟဒေါရံကို ဒါဝိဒ်မင်းထံစေလွှတ်ရာ လက်ဆောင်တော် ရွှေ၊ ငွေ၊ ကြေး၊ ဖလား အမျိုးမျိုးပါလာသည်နှင့်အညီ၊ 11 ဒါဝိဒ်မင်းသည် ထိုဖလားများကို ဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက်၊ လူအမျိုးမျိုးတို့မှသိမ်းယူခဲ့သောရွှေငွေများနှင့်တကွ ထာဝရဘုရားအဖို့ သီးသန့်ထားလေ၏။ 12 ဇေရုယာ့သားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံတပ်သားတစ်သောင်းရှစ်ထောင်တို့ကိုလုပ်ကြံသောအခါ ဧဒုံပြည်တွင်မြို့စောင့်တပ်များကိုထား၍၊ 13 ထိုပြည်သားအပေါင်းတို့သည် ဒါဝိဒ်မင်းလက်အောက်ခံဖြစ်ကြ၏။ ဒါဝိဒ်မင်းချီလေရာရာ ထာဝရဘုရားအောင်မြင်စေတော်မူ၏။
14 ထိုသို့ဒါဝိဒ်မင်းသည် ဣသရေလတစ်မျိုးလုံးအပေါ်တွင်မင်းပြုရာ ပြည်သူပြည်သားတို့ကို တရားသဖြင့်စီရင်ဆုံးဖြတ်လေ၏။ 15 ဇေရုယာ့သားယွာဘကို ဗိုလ်ချုပ်၊ အဟိလုပ်သားယောရှဖတ်ကို အတွင်းဝန်၊ ရှဝရှာကို သံတော်ဆင့်ခန့်၍ 16 အဟိတုပ်သားဇာဒုတ်နှင့် အဗျာသာ့သားအဘိမလက်တို့သည် ပရောဟိတ်ဖြစ်ကြ၏။ 17 ယောယဒသားဗေနာယဘို၊ ခေရသိနှင့်ပေလသိတပ်တော်တွင်အကြီးအမှူးခန့်၍ ဒါဝိဒ်မင်းသားတော်တို့လည်း အပါးတော်တွင် ထူးမြတ်သောရာထူးကို ရကြသတည်း။