17
ထိုနောက် နန်းတော်တွင်စံနေရသောအခါ ဒါဝိဒ်မင်းက ကြည့်လော့။ ငါသည် သစ်ကတိုးနန်းတော်၌စံနေရ၏။ ထာဝရဘုရား၏ ပဋိညာဉ်တော်သေတ္တာမူ၊ တင်းတိမ်ရံအတွင်း၌စံနေရသေးသည်တကားဟု ပရောဖက်နာသန်အားမိန့်ဆိုလျှင်၊ သဘောတော်ရှိရာပြုတော်မူပါ။ ဘုရားသခင်သည် ဘုရင်မင်းနှင့်အတူရှိတော်မူသည်ဟု နာသန်ပြန်ပြောလေ၏။ ထိုညဉ့်တွင် နာသန်သို့ဘုရားသခင့်ဗျာဒိတ်တော်ရောက်သည်မှာ၊ ငါ့ကျွန်ရင်းဒါဝိဒ်ထံသွား၍ သင်သည် ငါစံနေရန်ဗိမာန်ကိုတည်ဆောက်ရမည်မဟုတ်။ ဣသရေလလူမျိုးကိုထုတ်ဆောင်သောနေ့ကစ၍ ယနေ့တိုင်အောင် ဗိမာန်နှင့်ငါမနေ။ စံရာယာယီတဲများနှင့်သာ ကိန်းဝပ်ခဲ့၏။ ဣသရေလလူမျိုးနှင့်အတူ ငါကြွချီရာအရပ်ရပ်၌ငါစံနေရန် သစ်ကတိုးဗိမာန်ကိုအဘယ်ကြောင့် မတည်မဆောက်သနည်းဟူ၍ လူမျိုးတော်ကိုအုပ်ထိန်းရန် ခန့်ထားသောဣသရေလတရားမင်းတစ်ဦးတစ်ယောက်အား မိန့်ဆိုဘူးသလောဟု ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုရမည့်ပြင်၊ ငါ့ကျွန်ရင်းဒါဝိဒ်အား ဆက်လက်ဆင့်ဆိုရမည်မှာ ဣသရေလလူမျိုးတော့်အပေါ်တွင်မင်းဖြစ်စေရန် ထိန်းကျောင်းနေရာသိုးခြံထဲမှ သင့်ကိုငါရွေးထုတ်သည်နှင့်အညီ သွားလေရာရာငါပါရှိလျက်၊ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှငါပယ်ရှားလေပြီ။ ၎င်းပြင် မြေကြီးပေါ်တွင် ကျော်စောကိတ္တိရှိသူတို့ကဲ့သို့ သင့်အားကျော်စောစေမည်။ 9-10 ဣသရေလလူမျိုးတော်အားလည်း နေရာကိုစီမံချထားလျက် နောင်မရွှေ့မပြောင်းရဘဲ ထိုနေရာတွင်တည်မြဲစေလိမ့်မည်။ ဣသရေလလူမျိုးတော့်အပေါ်မှာ တရားမင်းတို့ကိုငါခန့်ထားရာနေ့၊ ယမန်ကာလကဲ့သို့ မတရားသူတို့ချေမွှရကြတော့မည်မဟုတ်။ သင့်ရန်သူဟူသမျှကိုနှိမ်နင်း၍ သင့်အိမ်ထောင်ကို အစဉ်အဆက်တည်ဆောက်လတ္တံ့ဟု ငါထာဝရဘုရားဖော်ပြ၏။ 11 သင့်အသက်တာစေ့၍ ဘိုးဘေးတို့ထံလားရပြီးနောက် သင်မှဆက်နွယ်သောသားကို ငါတင်မြှောက်လျက် အုပ်စိုးခွင့်ကိုတည်စေလိမ့်မည်။ 12 ထိုသူသည် ငါ့အဖို့ဗိမာန်ကိုတည်ဆောက်ရလိမ့်မည်။ ငါလည်း သူ့ရာဇပလ္လင်ကို ကာလအစဉ်တည်မြဲစေမည်။ 13 ငါနှင့်သူသည် သားအဘဖြစ်လတ္တ္ံ့။ သင့်အရင်နန်းထိုင်သူမှ ကရုဏာကိုရုပ်သိမ်းသည့်နည်းတူ ထိုသားမှမရုပ်မသိမ်းဘဲ၊ 14 ငါ့ဗိမာန်၊ ငါ့နိုင်ငံတော်၌ အစဉ်တည်စေလျက် ရာဇပလ္လင်ကိုလည်းတည်မြဲစေလိမ့်မည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟူ၍တည်း။ 15 နာသန်လည်း ထိုဗျာဒိတ်ရူပါရုံဟူသမျှကို ဒါဝိဒ်မင်းအားဆင့်ဆိုလေ၏။
16 ထိုနောက် ဒါဝိဒ်မင်းသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်ပျပ်ဝပ်လျက် အိုထာဝရဘုရားသခင်၊ အကျွန်ုပ်နှင့်ဆွေမျိုးသားချင်းတို့သည် မည်သို့သောသူဖြစ်၍ ဤအဖြစ်အနေသို့ပို့ဆောင်ခြင်းကျေးဇူးတော်ကို ခံရပါသနည်း။ 17 အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကိုသာမညသဖွယ်အောက်မေ့သည့်ပြင် ကျွန်တော်ကိုဘုန်းကြီးသူမှတ်ယူလျက် ရှည်လျားသောနောင်ကာလတိုင်အောင် ကျွန်တော်မျိုး၏အိမ်ထောင်ကိုရည်၍ မိန့်တော်မူပါပြီတကား။ 18 အိုထာဝရဘုရားသခင်၊ ကျွန်တော်မျိုးအား ပေးတော်မူသောဂုဏ်အသရေနှင့်စပ်လျဉ်း၍ အကျွန်ုပ်ဒါဝိဒ်က မည်သို့လျှောက်ထားရပါဦးမည်နည်း။ 19 ကျွန်တော်မျိုးကိုသိမှတ်တော်မူပါ၏။ အိုထာဝရဘုရား၊ ကျွန်တော်မျိုးကိုထောက်ထား၍ သဘောတော်မြတ်ရာ ဤကြီးမြတ်သောကျေးဇူးအလုံးစုံကိုပြုလျက် ကြီးမြတ်သောအမှုအလုံးစုံကို ပြတော်မူပါပြီ။ 20 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားသိသမျှတွင်ကိုယ်တော်နှင့်တူသောဘုရား ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိပါ။ 21 အိဂျစ်ပြည်မှရွေးနုတ်တော်မူခဲ့သော လူမျိုးတော်ရှေ့၊ လူမျိုးခြားတို့ကိုနှင်ထုတ်လျက် ကြောက်မက်ဖွယ်အမှုကြီးများဖြင့် ကျော်စောကိတ္တိရအံ့သောငှါ ကိုယ်တော်တိုင်ကြွ၍ ပိုင်ရာတော်အဖြစ်ရွေးနုတ်တော်မူသော ဣသရေလလူမျိုးကဲ့သို့ မြေကြီးပေါ်တွင် လူတစ်မျိုးရှိသေးသလော။ 22 ကိုယ်တော်သည် ပိုင်ရာတော်အဖြစ် ဣသရေလလူမျိုးတော်ကို အစဉ်ထားတော်မူသည်နှင့်အညီ ထိုလူမျိုး၏ဘုရားဖြစ်တော်မူပါပြီ၊ အိုထာဝရဘုရား။ 23 ကျွန်တော်မျိုးနှင့် အိမ်ထောင်ပါရည်၍ မိန့်တော်မူချက်ကိုယခုတည်မြဲစေလျက် အမိန့်တော်အတိုင်းပြုတော်မူပါ အိုထာဝရဘုရား။ 24 ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသည် ဣသရေလလူမျိုး၏ဘုရား၊ ဣသရေလလူမျိုးအဖို့ ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်အစဉ်တည်လျက် ချီးမြှောက်ကြပါစေသော။ ကိုယ်တော့်ကျွန်ဒါဝိဒ်၏အိမ်ထောင်လည်း မျက်မှောက်တော်တွင်တည်မြဲပါလိမ့်မည်။ 25 အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်ပင် အကျွန်ုပ်အိမ်ထောင်ကို အစဉ်အဆက်တည်ဆောက်တော်မူမည်ဟု ကျွန်တော်မျိုးအား ဗျာဒိတ်ပေးတော်မူသောကြောင့်သာ ရှေ့တော်တွင်ကျွန်တော်မျိုးပဌနာပြုဝံ့ပါ၏။ 26 အိုထာဝရဘုရား၊ ကိုယ်တော်သည် မှန်သောဘုရားဖြစ်၍ ဤကျေးဇူးတော်ကို ကျွန်တော်မျိုးအားသနားမည်ဟု သစ္စာဆိုတော်မူပါပြီ။ 27 အိုထာဝရဘုရား၊ ကျွန်တော်မျိုး၏အိမ်ထောင်သည် စဉ်ဆက်မပြတ်ရှေ့တော်တွင်တည်ခွင့်ရစေရန် ယခုကောင်းကြီးပေးသနားတော်မူပါပြီ။ ကောင်းကြီးပေးတော်မူသည်ဖြစ်၍ စဉ်ဆက်မပြတ်မင်္ဂလာတည်ရှိပါလိမ့်မည်ဟု တောင်းလျှောက်သတည်း။