15
ထိုနောက် ဒါဝိဒ်မြို့တော်တွင် တိုက်အိမ်များကိုတည်ဆောက်၍ ဘုရားသခင့်သေတ္တာတော်ကိန်းဝပ်ရန်နေရာကိုပြုပြင်လျက် တဲတော်ကိုလည်းစိုက်ထူပြီးလျှင်၊ ဒါဝိဒ်မင်းက၊ ထာဝရဘုရားထံအစဉ်အမှုတော်ဆောင်ရွက်ခြင်း၊ ဘုရားသခင့်သေတ္တာတော်ကိုထမ်းခြင်းပြုရန် ရွေးချယ်တော်မူခဲ့သောလေဝိဂိုဏ်းသားတို့မှတစ်ပါး မည်သူမျှထိုသေတ္တာတော်ကိုမထမ်းအပ်ဟု မိန့်ဆိုသည်နှင့်အညီ၊ ပြုပြင်ပြီးနေရာတော်သို့ ထာဝရဘုရား၏သေတ္တာတော်ကို ပင့်ဆောင်အံ့သောငှါ ယေရုရှလင်မြို့၌စုရုံးရသော ဣသရေလတစ်မျိုးလုံးအနက်၊ အာရုန့်အနွယ်မှစ၍ လေဝိဂိုဏ်းသားတို့ကို စုဝေးစေသည်မှာ၊ ကောဟတ်အနွယ်၊ အကြီးအကဲဥယေလနှင့် ဆွေမျိုးသားချင်းတစ်ရာ့နှစ်ဆယ်၊ မေရာရိအနွယ်၊ အကြီးအကဲအသာယနှင့် ဆွေမျိုးသားချင်းနှစ်ရာ့နှစ်ဆယ်၊ ဂေရရှုံ့အနွယ်၊ အကြီးအကဲယောလနှင့် ဆွေမျိုးသားချင်းတစ်ရာ့သုံးဆယ်။ ဧလိဇဖန့်အနွယ်၊ အကြီးအကဲရှေမာယနှင့် ဆွေမျိုးသားချင်းနှစ်ရာ။ ဟေဗြုန့်အနွယ်၊ အကြီးအကဲဧလျေလနှင့် ဆွေမျိုးသားချင်းရှစ်ဆယ်။ 10 သြဇေလအနွယ်၊ အကြီးအကဲအမိနဒပ်နှင့် ဆွေမျိုးသားချင်းတစ်ရာ့တစ်ဆယ့်နှစ်ပါးတို့တည်း။ 11 ထိုနောက်ဒါဝိဒ်မင်းသည် ပရောဟိတ်ဇာဒုတ်၊ အဗျာသာတို့နှင့် လေဝိဂိုဏ်းဝင်ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍ မိန့်ဆိုသည်ကား၊ 12 သင်တို့သည် လေဝိဂိုဏ်းတွင် အိမ်ထောင်အအုပ်အချုပ်များဖြစ်ကြသည်နှင့် ငါပြုပြင်ပြီးနေရာတော်သို့ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ သေတ္တာတော်ကိုပင့်ဆောင်အံ့သောငှါ ကိုယ်တိုင်နှင့်ဆွေမျိုးသားချင်းတို့ပါ သန့်ရှင်းကြစေ။ 13 ဥပဒေသတော်အတိုင်းမဟုတ်၊ သင်တို့မပါဘဲ ကိုယ့်ဘုရားသခင်ထာဝရဘုရားကို ယမန်ငါတို့လိုက်ရှာမိသည့်အတွက် ငါတို့ကိုခွင်းဖောက်တော်မူခဲ့လေစွဟု မိန့်ဆိုသည့်အရ၊ 14 ထိုပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့သည် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသေတ္တာတော်ကို ပင့်ဆောင်အံ့သောငှါ ကိုယ်ကိုသန့်ရှင်းစေကြပြီးလျှင်၊ 15 ထာဝရဘုရားဗျာဒိတ်တော်အရ မောရှေမှာထားခဲ့သည့်အတိုင်း ထမ်းပိုးလျှိုပြီးသောသေတ္တာတော်ကို လေဝိဂိုဏ်းသားတို့ထမ်းဆောင်ကြ၏။ 16 လေဝိဂိုဏ်းသားအကြီးအကဲတို့လည်း တယော၊ စောင်း၊ ခွက်ကွင်းစသော တုရိယာမျိုးနှင့် သီဆိုတတ်သူဆွေမျိုးသားချင်းတို့ကို ခြိမ့်ခြိမ့်မွမ်းအောင် ရွှင်လန်းစွာ တီးဆိုအံ့သောငှါ ခန့်ထားကြ ရမည့်အကြောင်း၊ ဒါဝိဒ်မင်းထုတ်ဆင့်သည့်အတိုင်း 17 ယောလသား ဟေမန်၊ ဆွေမျိုးသားချင်းဗေရခိသားအာသပ်၊ ဆွေမျိုးသားချင်းမေရာရိအနွယ် ဖြစ်သူ ကုရှာယသား ဧသန်တို့ကိုလည်းကောင်း၊ 18 ဆွေမျိုးသားချင်း ဒုတိယတန်း၊ ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ အထွက်အဝင်စောင့်ကြည့်ရသူ သြဗဒေဒုံနှင့်ယေလတို့ကိုလည်းကောင်း ခန့်ထားကြ၏။ 19 သို့နှင့်အညီ သီဆိုသူဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးခွက်ကွင်းတီးခြင်း၊ 20 ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာယ၊ မာသေယ၊ ဗေနာယတို့သည် ညာသံမှီသောတယောကိုထိုးခြင်း၊ 21 မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ သြဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် ဘယ်သံတည်၍စောင်းတီးခြင်းများကို ပြုရကြ၏။ 22 လေဝိဂိုဏ်းသားတို့အကြီးအကဲခေနနိသည် သီချင်းအတတ်ကျွမ်းကျင်သောကြောင့် သီချင်းဆရာကြီးဖြစ်၏။ 23-24 ပရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင့်သေတ္တာတော်ရှေ့တံပိုးမှုတ်ရကြ၏။ ဗေရခိ၊ ဧလကာနု၊ သြဗဒေဒုံ၊ ယေဟိတို့သည် သေတ္တာတော်ဆိုင်ရာအထွက်အဝင်စောင့်ကြည့်ရသူဖြစ်ကြသတည်း။
25 ဒါဝိဒ်မင်းမှစ၍ ဣသရေလလူကြီးနှင့် ထောင်တပ်အုပ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို သြဗဒေဒုံ့အိမ်မှ ပင့်ဆောင်အံ့သောငှါ ဝမ်းမြောက်စွာသွားလျက်၊ 26 ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာထမ်းရန် လေဝိဂိုဏ်းသားတို့ကို ဘုရားသခင်မစတော်မူသည့်အတွက် နွားခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်များကို ဆက်ကပ်ပူဇော်ကြ၏။ 27 ဒါဝိဒ်မင်းနှင့် သေတ္တာတော်ထမ်းလေဝိဂိုဏ်းသားများ၊ သီချင်းဆရာခေနနိမှစသော သီဆိုသူများတို့သည် ပိတ်ချောဝတ်လုံကိုဝတ်၍ ဒါဝိဒ်မင်းမှာမူ ပိတ်ကိုယ်ဝတ်ပါ ဆင်ယင်လေ၏။ 28 ဣသရေလလူအပေါင်းတို့သည် ထိုသို့ကြွေးကြော်လျက် နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းများကို ခြိမ့်ခြိမ့်မွမ်းတီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကိုပင့်ဆောင်ကြရာ၊ 29 ဒါဝိဒ်မြို့တော်သို့ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာရောက်ဆဲအခါ ရှောလုမင်းသမီးတော်မိခါလသည် ပြူတင်းပေါက်မှစီးကြည့်၍ ဒါဝိဒ်မင်းတီးကလျက် လာသည်ကိုမြင်သော် မခန့်မညားနှလုံးသွင်းလေ၏။