ဆာလံ။ 98
ထာဝရဘုရားထံသီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်သည်အံ့ဖွယ်ရာ အမှုတော်များကိုပြုလျက်၊ ညာလက်တော်၊ သန့်ရှင်းသောလက်ရုံးတော်ဖြင့်၊ ကယ်တင် တော်မူခြင်းကိုစီရင်တော်မူလေပြီ။ ထာဝရဘုရားသည်၊ ကယ်တင်တော်မူခြင်းကိုထင်ရှားစေ၍၊ လူမျိုးခြားတို့မျက်မှောက်၊ ဖြောင့်မတ်တော်မူခြင်းကိုဖော်ပြတော်မူပြီ။ ဣသရေလအမျိုးသားတို့၌၊ ကရုဏာတော်နှင့်သစ္စာတော်ကိုသတိရတော်မူသည့်အလျောက်၊ ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို၊ မြေကြီးအစွန်းအဖျားရှိသမျှပင် မြင်ရကြလေပြီ။ အချင်းမြေတစ်ပြင်လုံး၊ ထာဝရဘုရားအားရွှင်လန်းသံလွှင့်လျက်၊ ကြွေးကြော်ကြလော့။ အသံထုတ်၍ကျူးဧကြလော့။ စောင်းတီး၍ထာဝရဘုရားအားကျူးဧကြလော့။ စောင်းတီး၍ကျူးဧသောအသံနှင့် ဆိုကြလော့။ ဘုရင်မင်းမြတ်တည်းဟူသောထာဝရဘုရားရှေ့တော်၌၊ တံပိုးခရာမှုတ်၍၊ ရွှင်လန်းသံလွှင့်ကြလော့။ သမုဒ္ဒရာနှင့်ကြွယ်ဝပြည့်စုံသမျှ၊ လောကနှင့်နေထိုင်သမျှတို့သည် ဟုန်းခြင်း၊ မြစ်များသည်၊ လက်ခုပ်တီးခြင်း၊ တောင်များသည် တစ်ပြိုင်နက်၊ ကြွေးကြော်ခြင်းကိုပြုကြစေ။ မြေကြီးသားတို့အား စီရင်ဆုံးဖြတ်ရန်ကြွလာတော်မူမည့်ထာဝရဘုရားရှေ့တော်တွင် ပြုကြစေ။ ကိုယ်တော်သည် လောကကိုဖြောင့်မတ်ခြင်းနှင့်လည်းေကာင်း၊ လူအမျိုးမျိုးကိုမျှတခြင်းနှင့်လည်းေကာင်း၊ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။