ဆာလံ။ 97
1 ထာဝရဘုရားစိုးစံတော်မူ၍၊ မြေပထဝီသည်ရွှင်လန်းလျက်၊ ကျွန်းကြီးကျွန်းငယ်များလည်းဝမ်းမြောက်ကြစေ။
2 မိုးတိမ်များနှင့်မှောင်အတိခြံရံလျက်၊ ဖြောင့်မတ်ခြင်းနှင့်တရားသဖြင့် စီရင်ခြင်းသည် ပလ္လင်တော်တည်ရာဖြစ်ပါ၏။
3 ရှေ့တော်ကမီးထွက်၍၊ ဝန်းဝိုင်းသောရန်သူတော်တို့ကိုကျွမ်းလောင်၏။
4-5 လျှပ်စစ်တော်များပြက်သဖြင့်၊ လောကကိုလင်းစေရာ၊ ထာဝရဘုရားရှေ့တော်၊ မြေတစ်ပြင်လုံး၏အရှင့်ရှေ့တော်၌၊ မြေပထဝီသည်မြင်၍ တုန်လှုပ်ခြင်း၊ တောင်များလည်းဖယောင်းသဖွယ် ပျော်ခြင်းခံရ၏။
6 ဖြောင့်မတ်တော်မူခြင်းအကြောင်းမိုးကောင်းကင်ကြော်ငြာ၍၊ ဘုန်းတော်ကိုလူအမျိုးမျိုးတို့ဖူးမြင်ရကြပြီ။
7 ရုပ်ပွားများကိုဝတ်ပြုသူ၊ အတုများကြောင့်ဝါကြွားသူအပေါင်းတို့သည်၊ ရှက်ကြောက်ကြစေ။ ဘုရားဟူသမျှတို့၊ ထာဝရဘုရားကိုရှိခိုးကြလော့။
8 အိုထာဝရဘုရား၊ စီရင်ဆုံးဖြတ်တော်မူချက်များကြောင့်၊ ဇိအုန်မြို့ကြား၍ အားရခွင့်၊ ယုဒအမျိုးသမီးတို့ရွှင်လန်းခွင့်ရကြပါ၏။
9 အသို့ဆိုသော်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည်၊ ဘုရားဟူသမျှတို့ထက်အလွန်မြင့်မြတ်၍၊ မြေတစ်ပြင်လုံးအပေါ်တွင်မြင့်မြတ်သောဘုရားဖြစ်တော်မူပါ၏။
10 ထာဝရဘုရားကိုချစ်ခင်သူတို့၊ အဆိုးကိုမုန်းထားကြလော့။ ကိုယ်တော်သည် ကြည်ညိုသူတို့အသက်ကိုစောင့်ထိန်းလျက်၊ လူဆိုးတို့လက်မှကယ်လွှတ်တော်မူ၏။
11 သူတော်ကောင်းအဖို့အလင်းကိုလည်းေကာင်း၊ သဘောဖြောင့်သူ့အဖို့သုခကိုလည်းေကာင်း၊ မျိုးကြဲ၍ထား၏။
12 အချင်းသူတော်ကောင်းတို့၊ ထာဝရဘုရား၌ရွှင်လန်းလျက်၊ သန့်ရှင်းသောနာမတော်ကိုချီးမွမ်းကြလော့။