ဆာလံ။ 95
1 ထာဝရဘုရားထံချဉ်းလာကြွေးကြော်လျက်၊ ငါတို့ကိုကယ်တင်ရာကျောက်တောင်တော့်ထံရွှင်လန်းသံလွှင့်ကြကုန်အံ့။
2 ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ မျက်နှာတော်ကိုဖူးမြင်၍၊ သီချင်းဆိုလျက်၊ ရွှင်လန်းသံပြုကြကုန်အံ့။
3 ထာဝရဘုရားသည်ဘုရားဟူသမျှထက်ကြီးမြတ်သောဘုရား၊ မြင့်မြတ်သောဘုရင်ဖြစ်တော်မူ၏။
4 မြေကြီးနက်ရှိုင်းရာများကိုလက်တော်ဖြင့်ကိုင်လျက်၊ တောင်ထိပ်များကိုပိုင်တော်မူ၏။
5 ပိုင်တော်မူရာပင်လယ်ကိုဖန်ဆင်း၍၊ လက်တော်ဖြင့်ကုန်းကိုပြုပြင်တော်မူ၏။
6 တိုးဝင်ပျပ်ဝပ်ရှိခိုးလျက်၊ ငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားရှေ့၊ ဒူးထောက်ကြကုန်အံ့။
7 ကိုယ်တော်သည်ငါတို့ဘုရား၊ ငါတို့လည်းစားကျက်တော်ရှိလူမျိုး၊ လက်တော်ဝယ်သိုးစုဖြစ်ကြကုန်၏။ ယနေ့ဗျာဒိတ်တော်သံကိုကြားနာပါစေသော။
8-9 သင်တို့ဘိုးဘေးများသည်ငါ့ကိုစိစစ်စုံစမ်း၍၊ ငါ၏အမှုကိုသိမြင်လျက်ပင်၊ မေရိဘခေါ်တောအရပ်၊ မဿာဟူသောနေ့ရက်တွင်ပြုကြသကဲ့သို့၊ သင်တို့စိတ်မခဲယဉ်းစေ ကြနှင့်။
10 ထိုလူမျိုးအပေါ်တွင်နှစ်ပေါင်းလေးဆယ်ပတ်လုံး၊ ငါ့နှလုံးမသာဖြစ်၍၊ သူတို့သည်စိတ်နှလုံးမှောက်မှားသောလူမျိုးဖြစ်သဖြင့်၊ ငါ့နည်းလမ်းများကိုမသိကြဟုဆိုလျက်၊
11 ငါ့ငြိမ်ဝပ်ရာချမ်းသာကိုဝင်စားကြရမည်မဟုတ်ဟု၊ အမျက်တော်ထား၍ငါဓိဋ္ဌာန်၏။