ဆာလံ။ 90
စတုတ္ထတွဲ။
အိုအရှင်ဘုရား၊ ကိုယ်တော်သည် လူမျိုးအစဉ်အဆက်အကျွန်ုပ်တို့ခိုလှုံရာဖြစ်တော်မူခဲ့ပါ၏။ တောင်များမပေါ်၊ မြေပထဝီနှင့်လောကကိုဖြစ်ပွားစေတော်မမူမီ၊ ရှေးကာလကနောင်ကာလ တိုင်အောင်၊ ဘုရားသခင်ပေတည်း။ ရှေ့တော်၌၊ နှစ်ပေါင်းတစ်ထောင်သည် လွန်ပြီးသောယမန်နေ့ကဲ့သို့လည်းေကာင်း၊ ညဉ့်ယံတစ်ယံမျှကဲ့သို့လည်းေကာင်း၊ ဖြစ်သည့်အလျောက်၊ အချင်းလူ့သားတို့၊ ပြန်ကြလော့ဟူသောအမိန့်ရှိ၍၊ မြေမှုန့်သို့ပြန်စေတော်မူပါ၏။ ရေဘေးပမာ၊ တိုက်သွားတော်မူသောသူတို့သည်၊ အိပ်မောကျသကဲ့သို့ဖြစ်လျက်၊ နံနက်အခါပွင့်လန်းပေါ်ပေါက်ခြင်း၊ ညချမ်းအခါရိတ်ဖြတ်ညှိုးနွမ်းခြင်းခံရလျက်၊ နံနက်အချိန်၌၊ ပေါ်ပေါက်ရသောမြက်ပင်နှင့်တူကြလေစွ။ အကျွန်ုပ်တို့သည်အမျက်တော်ကြောင့်ကုန်ခန်းလျက်၊ အရှိန်တော်ကြောင့်စိတ်ပျက်ကြရပါ၏။ အကျွန်ုပ်တို့ဒုစရိုက်များကိုရှေ့တော်၌လည်းေကာင်း၊ မထင်ရှားရာပြစ်မှုများကို မျက်နှာတော်အလင်း၌လည်းေကာင်း၊ လှန်ထားတော်မူပါပြီ။ အမျက်တော်ကြောင့်၊ အကျွန်ုပ်တို့ရက်တာပြောင်းလျက်၊ နှစ်တာလည်းသက်ကြီးရှိုက်တငင်လွန်သွားတတ်ပါ၏။ 10 အသက်တာသည်၊ နှစ်ပေါင်းခုနစ်ဆယ်ရှည်လျက်၊ အင်အားရှိခြင်းကြောင့်နှစ်ပေါင်းရှစ်ဆယ်ပြည့်မီသော်လည်း၊ အမြန်ကုန်လွန်၍၊ ပျံ့လွင့်ရသူအကျွန်ုပ်တို့ကြက်သရေပင်၊ ပင်ပန်းခြင်း၊ ဝမ်းနည်းခြင်းမျှသာဖြစ်ပါ၏။ 11 ကိုယ်တော်ကိုကြောက်ရွံ့ထိုက်သည်နှင့်အညီ၊ စိတ်တော်အရှိန်၊ အမျက်တော်အရှိန်ကိုမည်သူသိပါအံ့နည်း။ 12 ကိုယ့်နေ့ရက်များကိုရေတွက်၍၊ ဉာဏ်နှင့်ယှဉ်သောစိတ်နှလုံးကိုရရှိစေခြင်းငှာ၊ သွန်သင်တော်မူပါ။ 13 အိုထာဝရဘုရား၊ မည်မျှကြာနေတော်မူပါမည်နည်း။ ပြန်လာ၍၊ ကျွန်တော်မျိုးတို့အတွက် စိတ်ပြောင်းလဲတော်မူပါ။ 14 တစ်သက်ပတ်လုံးရွှင်လန်း၍ ကြွေးကြော်ခွင့်ရကြစေရန်၊ နံနက်အချိန်တင်းတိမ်ဖွယ်ကရုဏာတော်ကိုသနားတော်မူပါ။ 15 အကျွန်ုပ်တို့ကိုနိမ့်ကျစေတော်မူသောနေ့ရက်၊ ဒုက္ခတွေ့ကြုံသောနှစ်ပေါင်းနှင့်အမျှ၊ ဝမ်းမြောက်ခွင့်ကိုသနားတော်မူပါ။ 16 အမှုတော်ကိုကျွန်တော်မျိုးတို့၌လည်းေကာင်း၊ ဘုန်းတော်ကိုသားမြေးတို့၌လည်းေကာင်း၊ ထင်ရှားစေတော်မူပါ။ 17 အကျွန်ုပ်တို့အရှင်ဘုရားသခင်၏တင့်တယ်ခြင်းကြက်သရေတော်ကို အကျွန်ုပ်တို့အပေါ်သို့သက်ရောက်စေလျက်၊ အကျွန်ုပ်တို့ပြုလေရာရာကိုလည်း တည်မြဲတည်စေတော်မူပါ။